1. Home
  2. Myanmar News

ရန်ကုန်တွင် တည်ဆောက်မည့် မြေအောက်လူသွားလမ်း စီမံကိန်း ၃ ခုအတွက် တင်ဒါခေါ်ယူထားမှု ပြန်လည်ရုပ်သိမ်း

Myanmar News ม.ค. 22, 2561 view 1,732
ရန်ကုန်မြို့တွင် တည်ဆောက်မည့် မြေအောက်လူသွားလမ်း လုပ်ငန်းစီမံကိန်း ၃ ခုအား အကြောင်း မညီညွတ်ဟုဆိုကာ တင်ဒါခေါ်ယူထားမှုကို ပြန်လည်ရုပ်သိမ်းလိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တင်ဒါစိစစ်ရေးအဖွဲ့မှ သိရသည်။ရန်ကုန်မြို့တွင် လမ်းသွားလမ်းလာ ပြည်သူများအဆင်ပြေစေရန်အတွက် ဗဟန်းမြို့နယ်၊ ဦးဝိစာရလမ်း (ရွှေတိဂုံဘုရားအနောက်ဘက်မုခ်အနီး)၊ ကမာရွတ်မြို့နယ်၊ ပြည်လမ်း (ပညာရေးတက္ကသိုလ်ရှေ့)နှင့် မရမ်းကုန်းမြို့နယ်၊ ပြည်လမ်း(ရှစ်မိုင်ခုံးကျော်တံတားအနီး)တို့တွင် မြေအောက်လူသွားလမ်း (Underpass ) ၁ စင်းစီတည်ဆောက်ရန်အတွက် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၈ ရက်က တင်ဒါစတင်ခေါ်ယူခဲ့ခြင်းဖြစ်သည်။
 
 
ယင်းလုပ်ငန်း ၃ ခုအား တင်ဒါခေါ်ယူမှုအပြီး ၁ လကျော်အကြာ ၂၀၁၈ ခုနှစ် ဇန်န၀ါရီ ၁၈ ရက်တွင် အကြောင်း မညီညွတ်သဖြင့် တင်ဒါခေါ်ယူထားခြင်းကို ပြန်လည်ရုပ်သိမ်းကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ တင်ဒါ စိစစ်ရေးအဖွဲ့က ကြေညာခဲ့သည်။ ''အကြောင်းမညီညွတ်လို့ ရုပ်သိမ်းလိုက်တာပါ။ ပုံစံတမျိုးနဲ့ ပြန် ခေါ်မှာဖြစ် လို့ပါ။ စနစ်တခုပြောင်းသွားလို့ပါ။ BOT စနစ်၊ ဒါမှမဟုတ် ကန်ထရိုက်စနစ်လိုမျိုး အဲလိုပုံစံလေးတခု ပြောင်းသွားလို့ပါ''ဟု တင်ဒါစိစစ်ရေးအဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။
 
ယင်းသို့ တင်ဒါခေါ်ယူမှုအား ပြန်လည်ရုပ်သိမ်းခဲ့သော်လည်း မြေအောက်လူသွားလမ်း ၃ စင်းတည်ဆောက်မည့် စီမံကိန်းကို ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ဆက်လက်တည်ဆောက်မည့်ကိစ္စအား ရန်ကုန်တိုင်း ဒေသကြီးအစိုးရ အဖွဲ့တင်ဒါစိစစ်ရေးအဖွဲ့မှ ပြန်လည်ဆုံးဖြတ်ကာ အသိပေးကြေညာသွားမည်ဖြစ်ကြောင်း အထက်ပါတာဝန်ရှိသူက ပြောသည်။
 
 
အဆိုပါ မြေအောက်လူသွားလမ်းများတည်ဆောက်ရာတွင် နိုင်ငံတကာ၌ တည်ဆောက်ထားသည့် နည်းတူ ဈေးဆိုင်များ၊ အများပြည်သူဝင်ထွက်ကြည့်ရှု၍ရမည့် အစီအစဉ်များပါရှိမည်ဖြစ်ကြောင်း YCDC၊ အင်ဂျင်နီယာ (လမ်း/တံတား) ဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။
 
ရန်ကုန်မြို့တွင် မြေအောက်လူသွား လမ်းသုံးစင်းတည်ဆောက်ရေးစီမံကိန်းကို ကြိုဆိုကြောင်း ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ စက်မှုလက်မှုရေးရာကော်မတီအဖွဲ့ဝင် ဦးသန်းနိုင်ဦးက မှတ်ချက်ပြုသည်။ မြေအောက်လမ်းတည်ဆောက်ရာတွင် ပတ်ဝန်းကျင်ထိခိုက်မှု မရှိစေဘဲ ၂၄ နာရီ မီးရရှိရေး နှင့် လုံခြုံရေးအာမခံချက်များရှိရန် လိုအပ်ကြောင်း ၎င်းက အကြံပြုပြောကြားသည်။
 
Credit >>> News Watch


Follow us on