1. Home
  2. Good Morning Myanmar

(၂၀၁၇)ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို မတ်လ(၂၃)ရက်မှာ ကျင်းပဖို့ စီစဉ်ထား

Good Morning Myanmar ม.ค. 30, 2561 view 1,641

ဒီနှစ်အကယ်ဒမီထူးချွန်ဆုပေးပွဲအတွက် စာရင်းဝင်ရုပ်ရှင်ဇာတ်ကားပေါင်း (၅၃)ကားထိ ရှိနေပါတယ်။ စာရင်းဝင်ဇာတ်ကားတွေ အရင်နှစ်ကထက် ပိုမိုများပြားလာပြီး ဇာတ်ကားစိစစ်ဖို့ အချိန်ပိုပေးရတာကြောင့် မတ်လ(၂၃)ရက်မှာ ကျင်းပဖို့စီစဉ်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။ စာရင်းဝင် ရုပ်ရှင်ဇာတ်ကား (၅၃)ကားကိုတော့ ပထမအဆင့်ကြည့်ရှုစစ်ဆေးမှု သာရှိသေးပြီး ပွဲမတိုင်မီ ပြီးစီးအောင် စနစ်တကျစိစစ်ကြည့်ရှုနေတယ်လို့ သိရပါတယ်။

အကယ်ဒမီထူးချွန်ဆုအတွက် ဒုတိယအဆင့်ထိရွေးချယ်ခံရတဲ့ ရုပ်ရှင်ဇာတ်ကား တွေကိုတော့ အရင်နှစ်တွေကနဲ့မတူဘဲ အမှတ်ပေးပုံစံပြောင်းလဲပေးနိုင်အောင်လည်း စီစဉ်ထားတယ်လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေးက ပြောပါတယ်။ အကယ်ဒမီထူးချွန်ဆု ပေးပွဲကိုတော့ မင်းဓမ္မလမ်းရှိ Myanmar Event Park မှာ ကျင်းပဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

မြန်မာ့ရုပ်ရှင်အဆင့်မြှင့်တင်ရေးအတွက် နှစ်တစ်နှစ်အတွင်း အကောင်းဆုံးထူးချွန်ဆု (၁၁)ဆုအပြင် ထူးခြားသောအနုပညာရှင်၊ အတတ်ပညာရှင်များ ပေါ်ထွက် လာပါက အထူးဆုကိုပါပေးအပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဒီနှစ်မှာ ရုပ်ရှင်တစ်သက်တာဆုကိုပါ ထည့်သွင်းပေးအပ်သွားမယ်လို့ သိရပါတယ်။ ဒီနှစ်အကယ်ဒမီ ထူးချွန်ဆုပေးပွဲအတွက် ရွှေကြိုအဖြစ်တက်သစ်စမင်းသား၊ မင်းသမီး(၆)ဦးခန့်ကို လာမယ့် ဖေဖော်ဝါရီလအတွင်း ရွေးချယ်သွားမယ်လို့ သိရပါတယ်။

https://www.facebook.com/GoodMorningMyanmarLive/videos/2255097821183002/



Follow us on