1. Home
  2. Myanmar News

ရန်ကုန်မြို့လယ်တွင် အသက် ၅၅ နှစ်အရွယ် အမျိုးသမီးအား သားမယားပြုကျင့် အနုကြမ်းစီးသွားသူအား ၂၄ နာရီအတွင်း ဖမ်းဆီးရမိ

Myanmar News ก.พ. 15, 2561 view 1,477

ဖေဖော်ဝါရီ ၁၃ ရက်ကဖြစ်ပွားခဲ့သော အသက် (၅၅) နှစ် အရွယ်အမျိုးသမီးကြီးအား အမျိုးသားတစ်ဦးက အနုကြမ်းစီးကာ သားမယားပြုကျင့်၍ ရွှေနှင့်ငွေများယူဆောင်သွားမှုမှ ကျုးလွန်သူအမျိုးသားအား ၂၄ နာရီအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

ဖေဖော်ဝါရီ (၁၃)ရက်နေ့ နေ့လယ် ၂ နာရီအချိန်တွင် ဗိုလ်တထောင်မြို့နယ်နေ ဒေါ်-----သည် ဆောက်လက်စ (၈)ထပ်အဆောက်အအုံ၏ ပထမထပ်တွင် တစ်ဦးတည်းရှိနေပြီး ၎င်း၏သားဖြစ်သူနှင့် အလုပ်သမားများမှာ (၆)လွှာတွင်
ဆောက်လုပ်ရေးလုပ်ငန်းများကို လုပ်ကိုင်နေစဉ် အမည်မသိ အသက် (၃၀)နှစ်ခန့်၊ လက်မောင်းနှစ်ဖက်တွင် ဆေးမင်ကြောင်များ ထိုးထားသည့် အရပ် ၅ ပေ ၆ လက်မခန့်ရှိ အမျိုးသားတစ်ဦး ရောက်ရှိလာပြီး ၎င်းအား
“ပိုက်ဆံထုတ်ပေးရန်နှင့် မပေးပါက မုဒိမ်းကျင့်မယ်၊ ထောင်ကထွက်လာတာ”ဟု ပြောဆိုခြိမ်းခြောက်သဖြင့် ကြောက်လန့်၍ အင်္ကျီအိတ်ကပ်အတွင်း ထည့်ထားသော ငွေကျပ် ၂၀၀,၀၀၀ အား ထုတ်ပေးခဲ့ကြောင်း၊ အဆိုပါ အမျိုးသားမှ ဝတ်ဆင်ထားသော နားကပ်အားဖြုတ်ပေးရန် ထပ်မံတောင်းသဖြင့် ချွတ်ပေးခဲ့ကြောင်း၊ ထိုပြင် အိမ်ခန်းအတွင်းရှိ သားဖြစ်သူ၏ ပုဆိုးအားစုတ်ဖြဲကာ ကြိုးအဖြစ်အသုံးပြု၍ ၎င်းအား အနီးရှိတိုင်တွင် တုပ်နှောင်ကာ ပါးစပ်ပိတ်ပြီး အလိုမတူဘဲ သားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်း တိုင်တန်းချက်အရ ဗိုလ်တထောင်မြို့မရဲစခန်း (ပ)၆၃/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၈၄ဖြင့် အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီး ရမိရေး စုံစမ်းဆောင်ရွက်ခဲ့သည်။

အခင်းဖြစ်ရပ်တွင် တွေ့ရှိသိမ်းဆည်းရမိခဲ့သည့် ပစ္စည်းများနှင့်ပတ်သက်၍ စုံစမ်းထောက်လှမ်းခဲ့ရာ ပြစ်မှုကျူးလွန်သူမှာ ဒေါပုံမြိုနယ်နေ မျိုးမင်းသူ(ခ)မျိုးဦးဖြစ်ကြောင်း အတည်ပြုရရှိခဲ့သဖြင့် ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ၁၄.၂.၂၀၁၈ ရက်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ် အချိန်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ တောင်လုံးပြန်ရပ်ကွက်၊ အထက်ပုဇွန်တောင်လမ်း၊ အထည်အဟောင်းတန်းဈေးအတွင်းမှ မျိုးမင်းသူ(ခ)မျိုးဦးအား ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူ မျိုးမင်းသူ(ခ)မျိုးဦးအား စစ်ဆေးရာ ၎င်းသည် ၁၃.၂.၂၀၁၈ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ် အချိန်တွင် ဗိုလ်တထောင်မြို့နယ်၊ (၄၂)လမ်းရှိ အရက်ဆိုင်တွင် အရက်သောက်ခဲ့ပြီး ငွေကြေးသုံးစွဲရန်မရှိသဖြင့် ခိုးမှုကျူးလွန်ရန် ဆုံးဖြတ်ကာ အနီးရှိ ဆောက်လက်စ (၈)ထပ်တိုက်၏ ပထမထပ်သို့ ဝင်ရောက်ခဲ့ကြောင်း၊ အခန်းအတွင်း၌ အသက်(၅၀)ကျော်ခန့်ရှိ အမျိုးသမီးတစ်ဦးတည်းရှိနေသည်ကို တွေ့ရှိသဖြင့် ယင်းကဲ့သို့ ပြစ်မှု ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ၎င်းသည် ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ခုနှစ် အတွင်းက လသာမြို့နယ်အတွင်း ခိုးမှုများ ကျူးလွန်ခဲ့သဖြင့် ထောင်ဒဏ်(၁)နှစ်နှင့် (၉)လကျခံခဲ့ရကာ ၁၉.၁.၂၀၁၈ရက်နေ့တွင် ထောင်မှလွတ်မြောက် လာခဲ့သူဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သည်။

ပေါ်ပေါက်ချက်အရ မျိုးမင်းသူ(ခ)မျိုးဦးအား အမှုဖြင့်ဆက်လက်အရေးယူ ဆောင်ရွက်လျက်ရှိပြီး သက်သေခံ ပစ္စည်းများပြန်လည်သိမ်းဆည်းနိုင်ခဲ့ကာ ထိရောက်ပြစ်ဒဏ်ရရှိရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း Yangon Police တွင် ရေးသား ဖော်ပြထားသည်။
 



Follow us on