1. Home
  2. The Voice Myanmar

Winner တစ်ယောက်ဖြစ်ဖို့ဆိုရင် “စန္ဒီ” တစ်ယောက်ဘာလုပ်သင့်သလဲ..?

The Voice Myanmar ก.พ. 21, 2561 view 2,167

သွယ်လျတဲ့ခန္ဓာကိုယ်နဲ့ ထင်မှတ်မထားလောက်အောင် ထူးခြားတဲ့ အသံပိုင်ရှင်ကတော့ “စန္ဒီ” ဆိုတဲ့ မိန်းကလေးဖြစ်ပါတယ်။ သူ့ရဲ့ပြိုင်ပွဲဝင်တဲ့ ပုံစံနဲ့ သီဆိုဟန်ကို အမှတ်တမဲ့ အဝေးကနေ ကြည့်လိုက်ရင် နိုင်ငံကျော်အဆိုတော် “ချမ်းချမ်း” လို့တောင် ရုတ်တရက်ထင်သွားနိုင်ပါတယ်။

ဒါပေမယ့် အသံကာလာနဲ့ သီဆိုပုံကတော့ ဘယ်သူနဲ့မှမတူတဲ့ ပင်ကိုယ်စတိုင်လ်တစ်ခု ရှိနေတယ်ဆိုတာကို အသိမှတ်ပြုရမှာပါ။ အသံကိုကြားရရုံနဲ့ ဘယ်လိုကောင်မလေးက ဒီသီချင်းကို အခုလို ပိုင်ပိုင်နိုင်နိုင်ကြီး အေးဆေးသီဆိုနိုင်နေတာလဲဆိုတာ လှည့်ကြည့်ချင်နေတဲ့စိတ်က “ကျားပေါက်” နဲ့ “ရန်ရန်ချန်း” ဆီမှာ ကိုယ်စီဖြစ်ပေါ်နေပါပြီ။

ဒါကြောင့်မို့ နှစ်ယောက်သား ဝမ်းတူးသရီး တိုင်ပင်ခေါ်ပြီး ခလုပ်ပြိုင်တူနှိပ်ကာ ရွေးချယ်ပြီး ခုံကိုလှည့်ခဲ့ကြပါတယ်။ Blind Audition ပထမပိုင်းမှာ ဘယ်ပြိုင်ပွဲမှ မလုပ်နိုင်တဲ့ စွဲဆောင်မှုနဲ့ နည်းပြနှစ်ဦးကို တစ်ပြိုင်တည်း လှည့်စေခဲ့သူက “စန္ဒီ” ပဲဖြစ်ပါတယ်။

အသက်(၂၅) နှစ်ရှိပြီဖြစ်တဲ့ “စန္ဒီ” က ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်က လာရောက်ယှဉ်ပြိုင်သူတစ်ဦးဖြစ်ပြီး အဆိုပြိုင်ပွဲ အတွေ့အကြုံရှိသူလည်းဖြစ်ပါတယ်။ လက်ရှိမှာ နယ်သီချင်းဆိုပွဲတွေမှာ လိုက်လံသီဆိုနေသူတစ်ဦးမို့ ပရိသတ်ရှေ့က စင်မြင်ပေါ်မှာ သီဆိုမှုကို မစိမ်းတဲ့အတွက် ပြိုင်ပွဲတစ်လျှောက်လုံးမှာ ဒါဟာ သူမအတွက် အားသာချက်တစ်ခု ဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

သူမရဲ့ Crack Tone အသံက “ကျားပေါက်” ကိုစွဲဆောင်နိုင်သလို “နီနီခင်ဇော်” “ရန်ရန်ချန်း” တို့ သုံးဦးစလုံးကလည်း ထူးခြားတဲ့ အသံပိုင်ရှင် “စန္ဒီ” ကို ကိုယ်စီအလိုရှိခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ စန္ဒီက ရန်ရန်ချမ်းကို ရွေးချယ်ခဲ့ပါတယ်။

ပြိုင်ပွဲဝင်နေစဉ်မှာလည်း နေမကောင်းဖြစ်ပြီး ဖျားနေတာကြောင့် Crack Tone က ပိုပြီးပေါ်လွင်နေတဲ့အတွက် ပြိုင်ပွဲတစ်လျှောက်လုံး “ညီမရေ အဖျားကိုဆက်လက် ထိန်းထားနော်” ဆိုတဲ့ “လင်းလင်း” ရဲ့ ကွန်မန့်က ပရိသတ်တွေအားလုံး ပွဲကျစေခဲ့ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ထူးခြားတဲ့အသံပိုင်ရှင် “စန္ဒီ” တစ်ယောက် ရန်ရန်ချမ်းရဲ့ လမ်းပြမှုတွေနဲ့ Battle Round မှာ ဘယ်လိုဆက်လက်ယှဉ်ပြိုင်သွားမလဲဆိုတာ တနင်္ဂနွေနေ့ည ၉ နာရီ MRTV-4 ရုပ်သံလိုင်းကနေ စောင့်မျှော်အားပေးကြပါဦး။



Follow us on