စည်ပင်ဥပဒေသစ်ကို စောင့်ကြည့်နေတဲ့ အရပ်ဘက်အဖွဲ့တွေကတော့ လွှတ်တော်မှာအတည် မပြုခင် ဒီဥပဒေသစ်နဲ့ပတ်သက်တဲ့ အကြံပြုချက်(၁၆)ချက် ကို လွှတ်တော်ကိုပေးပို့မယ်လို့ ပြောပါတယ်။အသစ်ပြန်လည်ရေးဆွဲထားတဲ့ ရန်ကုန်စည်ပင်ဥပဒေကြမ်းဟာ ရန်ကုန်တိုင်း လွှတ်တော်ကို ရောက်လာပြီဖြစ်ပါတယ်။အဓိကအချက်အနေနဲ့ မြို့တော်ဝန်ကို လူထုက ရွေးချယ်မှုနဲ့ ခန့်အပ်နိုင်ဖို့နဲ့ မြို့တော်ဝန်ဟာ တိုင်းအစိုးရအဖွဲ့ဝင်မဖြစ်စေဖို့ အကြံပြုထား ပါတယ်။နောက်ပြီး ဒုတိယမြို့တော်ဝန်ထားရှိခွင့်ထည့်သွင်းဖို့နဲ့သူတို့ရဲ့တာဝန်တွေကို ဒီဥပဒေထဲ မှာ တိကျစွာသတ်မှတ်ပေးဖို့လည်း ထပ်အကြံပြု ထားပါတယ်။
ကျန်တဲ့အကြံပြုချက်တွေထဲမှာတော့ စည်ပင်ရွေးကောက်ပွဲပြုလုပ်ရမဲ့ ရက်ကို ပွင့်လင်းမြင်သာစွာထည့်သွင်းဖို့နဲ့ အသက်(၁၈)နှစ်ပြည့်သူတိုင်း မဲပေးခွင့်ရဖို့နဲ့ ၀င်ရောက် ယှဉ်ပြိုင်ခွင့်ပြုဖို့ ပါဝင်ပါတယ်။ဒါ့အပြင် ရွေးကောက်ခံစည်ပင်ကော်မတီဝင်တွေရဲ့ သက်တမ်း၊ လုပ်ပိုင်ခွင့်နဲ့တာဝန်မှပြန်လည်ရုတ်သိမ်းခွင့် အခွင့်အရေးစတာတွေကို ဥပဒေမှာ ထည့်သွင်း ပြဋ္ဌာန်းနိုင်ဖို့လည်း အကြံပြုပါတယ်။
အခုအကြံပြုချက်တွေဟာ ရန်ကုန်စည်ပင်ဥပဒေအသစ်ရဲ့အခန်းအားလုံးကို မဟုတ်ပဲ ဥပဒေမှာပါတဲ့ စည်ပင်ရွေးကောက်ပွဲဆိုင်ရာနဲ့စည်ပင်ကော်မတီတွေနဲ့ပတ်သက်တဲ့ အခန်း(၂)ခန်းကို အဓိကအကြံပြုထားတာလို့သိရပါတယ်။အခုအကြံပြုချက်တွေနဲ့ အခြားထပ်တိုး အချက်တွေကိုတော့ ပြင်ဆင်ချက်ဇယားအဖြစ် ဖေဖော်ဝါရီ(၂၆)ရက်အမီ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကို ပေးပို့သွားမှာဖြစ်သလို လူထုကြားနာပွဲပြုလုပ်နိုင်ဖို့တင်ပြမယ်လို့သိရပါတယ်။
နိုင်ငံရေးပါတီ၊အရပ်ဘက်အဖွဲ့နဲ့စည်ပင်ကော်မတီဝင်ဟောင်းတွေပါဝင်တဲ့ အလွှာစုံက ပူးပေါင်းအဖွဲ့ဟာ ဖေဖော်ဝါရီ(၂၀)ရက်က ရန်ကုန်မြို့ Summit Park View ဟိုတယ်မှာ ၇န်ကုန်မြို့တော်စည်ပင်သာယာရေးဥပေဒကြမ်းနဲ့ ပတ်သတ်ပြီး အလုပ်ရုံဆွေးနွေးပွဲတစ်ခု ပြုလုပ်ကာ အခုလို အကြံပြု ချက်(၁၆)ချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။