1. Home
  2. Special or Others

သေမင်းတမန်ရထားလမ်းဖောက်ရာတွင် အသက်ရှင်ကျန်ခဲ့သူများ နေရာဟောင်းကို တစ်ခါလာရောက်

Special or Others มี.ค. 09, 2561 view 1,553

ကမ္ဘာပေါ်တွင် အဆိုးရွားဆုံးနဲ့ အကျည်းတန်စွာ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့သည့် သေမင်းတမန်ရထားလမ်းဟာ ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်တွေစိုးမိုးစဉ် မြန်မာနဲ့ ထိုင်းနိုင်ငံကို ဆက်သွယ်ဖောက်လုပ်ခဲ့တာဖြစ်ပါတယ်။

ဂျပန်တွေဟာ စားနပ်ရိက္ခာနဲ့ ထောက်ပံ့ရေးပစ္စည်းတွေ သယ်ယူဖို့ ခရီးအရှည် ၄၁၅ ကီလိုမီတာရှိတဲ့ ရထားလမ်းကို ထောင်ပေါင်းများစွာသော ချွေးတပ်သားတွေနဲ့ ၁၉၄၃ ခုနှစ် ကနေ ၁၉၄၅ ခုနှစ်ထိ နှစ်နှစ်တာဖောက်လုပ်ခဲ့ကြပါတယ်။
ရထားလမ်းဖောက်လုပ်နေစဉ်အတွင်း မြန်မာလူမျိုးများအပါအဝင် ချွေးတပ်သားတွေရဲ့ ဘဝက တစ်ကယ့်ငရဲတွင်းကြီး ကျနေသလို အငတ်ငတ်အပြတ်ပြတ်၊ ရောဂါဘယထူပြောစွာနဲ့ ပင်ပင်ပန်းပန်း လုပ်ကိုင်ခဲ့ကြရတဲ့အပြင် ဂျပန်တို့ရဲ့ ညှင်းပန်းနှိပ်စက်မှု မျိုးစုံကိုလည်း ခံစားခဲ့ရပါတယ်။

လူပေါင်း ၁၀၀,၀၀၀ ကျော်သေဆုံးခဲ့ရတဲ့ သေမင်းတမန်ရထားလမ်းဖောက်လုပ်မှုမှာ ကံကောင်းထောက်မစွာနဲ့ အသက်ရှင်ကျန်ခဲ့တဲ့ မလေးရှားနိုင်ငံက လူအချို့က သူတို့ရဲ့ ငရဲခန်းကို ဖြတ်သန်းခဲ့ရတဲ့ အတိတ်နေရာဟောင်းဆီကို အလည်အပတ်ရောက်လာခဲ့ပါတယ်။

အသက် ၈၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ V.Ponnampalam က သေမင်းတမန်ရထားလမ်း နေရာဟောင်းကို ရောက်တဲ့အခါ သူကြုံတွေခဲ့ရတဲ့ အတိတ်အဖြစ်ဆိုးတွေကို ပြန်လည်သတိရသွားပါတယ်။

အဲဒီအချိန်က သူဟာ အသက် ၈ နှစ်သာရှိသေးပြီး သူနဲ့ သူ့ရဲ့ဖခင်ဖြစ်သူကို မလေးရှားနိုင်ငံကနေ သေမင်းတမန်ရထားလမ်းဖောက်ဖို့ ဂျပန်တွေက ခေါ်သွားတာခံခဲ့ရပါတယ်။ ဒါပေမယ့် သူတို့သားအဖနှစ်ဦးက ကံကောင်းတဲ့သူတွေထဲမှာ ပါခဲ့ပြီး အသက်ရှင်ရက်နဲ့ အိမ်ပြန်ခွင့်ရခဲ့ကြပါတယ်။ သေမင်းတမန်ရထားလမ်းဖောက်လုပ်ခဲ့ရတဲ့ အတွေ့အကြုံတွေကတော့ သူ့အတွက် တစ်သက်လုံး မေ့လို့မရနိုင်တဲ့ အဖြစ်ဆိုးတွေလို့ ဆိုပါတယ်။

အဲဒီအချိန်က ချွေးတပ်ထဲမှာ မသန့်ရှင်းတဲ့ ရေတွေနဲ့ ဆေးဝါးမလုံလောက်မှုတွေကြောင့် ကာလဝမ်းရောဂါဖြစ်ပြီး အများဆုံး သေကြရတယ်လို့ ဆိုပါတယ်။ သူ့ရဲ့ဖခင်လည်း ကာလဝမ်းရောဂါဖြစ်ခဲ့ပါတယ် ဒါပေမယ့် သူက ကြိုချက်ထားတဲ့ရေနဲ့ စားစရာတွေ ရှာပေးခဲ့တာကြောင့် အသက်ရှင်ခဲ့ရတယ်လို့ ဆိုပါတယ်။

နောက်ထပ် အသက်ရှင်ကျန်ခဲ့သူတစ်ဦးကတော့ အသက် ၉၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ K.Arumugam ဖြစ်ပါတယ်။ သူကတော့ ဂျပန်တွေ မလေးရှားကို ဝင်ရောက်ကျူးကျော်စဉ်မှာ ဂျပန်စကား အမြန်သင်ယူခဲ့တာကြောင့် ချွေးတပ်စခန်းမှာ ဂျပန်စကားပြန်လုပ်ရင်း အသက်ရှင်ကျန်ခဲ့သူဖြစ်ပါတယ်။

သူ့ကို့ ချွေးတပ်စခန်းကို ခေါ်သွားချိန်မှာ အသက် ၁၅ နှစ်ရှိပြီဖြစ်ပြီး အလုပ်သမားတွေနဲ့ ဂျပန်တွေကြားမှာ ဘာသာပြန်ပေးခဲ့ရပါတယ်။ အလုပ်သမားအများစုက ဂျပန်လို နားမလည်တဲ့အခါ သူတို့ခိုင်းတဲ့အတိုင်း မဖြစ်ရင် ရိုက်နှက်ပါတယ်၊ ဂျပန်နှိပ်စက်လို့ သေခဲ့ရသူတွေထဲမှာ သူ့အစ်ကိုလည်း ပါခဲ့ပါတယ်လို့ ဆိုပါတယ်။

အခုတော့ သူတို့တွေဟာ မမေ့နိုင်စရာ အတိတ်ကငရဲခန်းကို ပြန်လည်ကြည့်ရှုဖို့ မြန်မာနိုင်ငံထဲက သေမင်းတမန်ရထားလမ်း နေရာကို တဖန်ပြန်လည်ရောက်ရှိလာခဲ့ကြခြင်းဖြစ်ပါတယ်။
 



Follow us on