1. Home
  2. Movie Stars - Celebrity

၂၀၁၇ ခုနှစ်အကယ်ဒမီအတွက် အနုပညာရှင်တို့ရဲ့ ပဲ့တင်သံများ

Movie Stars - Celebrity มี.ค. 13, 2561 view 1,663

မြန်မာရုပ်ရှင်လောကမှာ အမြင့်ဆုံးထူးချွန်ဆုဖြစ်တဲ့ အကယ်ဒမီဆုပေးပြီးကြီးနီးကပ်လာတာနဲ့အမျှ အကယ်ဒမီနဲ့ ပက်သက်တဲ့ စကားသံတွေကလည်း နှစ်စဉ်ကြားရမြဲဖြစ်ပါတယ်။
ယခုနှစ် အကယ်ဒမီအတွက် စကာတင်စာရင်းကို ထုတ်ပြန်ကြေညာပေးခြင်းမရှိတဲ့အတွက် အလွှာအသီးသီးမှ အနုပညာရှင်များက အကယ်ဒမီအိမ်မက်ကို လွပ်လွပ်လပ်ကြီး မက်ပိုင်ခွင့်ရှိနေတာကလည်း တစ်မျိုးစိတ်ချမ်းသာစရာ ကောင်းပါတယ်။

လက်ရှိရုပ်ရှင်လောကမှာ ဒါရိုက်တာအသစ်တစ်ဦးအနေနဲ့ လမ်းကြောင်းပြောင်း လှုပ်ရှားလာတဲ့ ဝါရင့်သရုပ်ဆောင် အကယ်ဒမီမင်းဦးက ဇာတ်ပို့ဆုနဲ့ ပက်သက်ပြီး သူ့ရဲ့ရင်ထဲက ခံစားချက်ကို Morning Post ဂျာနယ်မှာ အခုလို ပြောပြခဲ့ပါတယ်။

ဒီနှစ်အကယ်ဒမီမှာ ဇာတ်ပို့ဆုကို မင်းသားမင်းသမီးတွေ ရမယ်လို့လည်း ကြားနေရတော့ ကျွန်တော့အမြင်ကတော့ ဒီလို မဖြစ်စေချင်ဘူး၊ ဇာတ်ပို့ ဇာတ်ရံအတွက် သတ်မှတ်ထားတဲ့ဆုဟာ တစ်ကယ့်ဇာတ်ပို့ ဇာတ်ရံအစစ်တွေကိုပဲ ပေးစေချင်တယ်။ မင်းသားမင်းသမီးတွေ ဇာတ်ပို့လုပ်ပြီး ဆုယူနေတာမျိုးတော့ မဖြစ်သင့်ဘူး” လို့ ပြောကြားခဲ့ပါတယ်။

တစ်ချိန်ထဲမှာပဲ အမျိုးသားဇာတ်ဆောင် အက်ဒမီဆုနေရာအတွက် ပရိသတ်တွေရဲ့ ပါးစပ်ဖျားမှာ တစ်ပြေးနေတာကတော့ “ရင်ဘတ်ထဲကဓါး” ဇာတ်ကားမှ ပြေတီဦးနဲ့ “တာတေကြီး” ဇာတ်ကားမှ နေတိုးတို့ပဲဖြစ်ပါတယ်။

အခုလိုပရိသတ်တွေကြားမှာ ယှဉ်ပြိုင်ပြီး အကယ်ဒမီဆုနေရာ ခန့်မှန်းနေကြတဲ့အပေါ်  သရုပ်ဆောင် အကယ်ဒမီနေတိုးက “ဒီလိုပါပဲ ကျွန်တော်တို့က ပရိသတ်အတွက်ကို အမြဲတမ်းကြိုးစားနေတဲ့သူဆိုတော့ ပရိသတ်အတွက် ကြိုးစားနေသ၍ ဒီလိုမျိုးရှိနေဦးမှာပါပဲ။ ဒါကတော့ ကျွန်တော်တို့ အလုပ်လုပ်နေတဲ့ လမ်းကြောင်းတစ်ခုမှာ ဒီလိုမျိုးတော့ရှိမှာပဲ။ ကျွန်တော်တို့က ပြိုင်နေတာမျိုးတော့ မဟုတ်ပါဘူး။ သူ့ဟာသူ တစ်နှစ် တစ်နှစ်မှာ ရွေးချယ်ထားတဲ့သဘောပါပဲ” လို့ 7 Day Daily ကို ပြောကြားခဲ့ပါတယ်။

အမျိုးသမီးဇာတ်ဆောင်ဆုနေရာကိုတော့ “ရင်ဘတ်ထဲကဓါး” ဇာတ်ကားနဲ့ အကယ်ဒမီ အိန္ဒြာကျော်ဇင်ကို ခန့်မှန်းထားကြသလို တစ်ဖက်ကလည်း ထက်ဆင့်အကယ်ဒမီ မေသန်းနုလို့လည်း အသံတွေထွက်နေပြန်ပါတယ်။

ပရိသတ်တွေရဲ့ ခန့်မှန်းချက်တွေနဲ့ တစ်ကယ့်လက်တွေ့မှာ ထပ်တူကျနိုင်ပါ့မလားဆိုတာကိုတော့ လာမယ့်မတ်လ ၂၃ ရက်နေ့မှာ ရင်ခုန်စွာနဲ့ ကြည့်ရှုကြရတော့မှာဖြစ်ပါတယ်။
 



Follow us on