ဘရာဇီးနိုင်ငံ Sap Paolo မြို့ကဆေးရုံ အပေါက်ဝမှာ သခင်ဖြစ်သူ ဆေးရုံထဲကထွက်အလာကို လွန်ခဲ့တဲ့လေးလထဲက နေစဉ်စောင့်မျှော်နေတဲ့ ခွေးလေးတစ်ကောင်ကို မြင်တွေ့ကြရမှာပါ။ သခင်ဖြစ်သူဟာ ဓါးထိုးခံရတဲ့ဒဏ်ရာကြောင့် ဆေးရုံပေါ်ရောက်တဲ့နေ့၊ လွန်ခဲ့တဲ့ လေးလထဲကပဲ ကွယ်လွန်သွားခဲ့ပါတယ်။
အသက် ၅၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အိမ်ခြေမဲ့အမျိုးသားတစ်ဦး ဓါးနဲ့ထိုးခံခဲ့ရတာကြောင့် ဆေးရုံကားနဲ့ ဆေးရုံကို သယ်လာခဲ့ပါတယ်။ အဲဒီအချိန်မှာ ဆေးရုံကားရဲ့နောက်က တောက်လျှောက်ပြေးလိုက်လာနေတဲ့ ခွေးတစ်ကောင်ကို ဆေးရုံကားပေါ်ပါလာတဲ့ ကျန်းမာရေးဝန်ထမ်းတွေက သတိထားမိခဲ့ပါတယ်။
ခွေးကပြေးလိုက်တာ ရပ်မသွားပဲ ဆေးရုံအထိ လိုက်လာပါတယ်၊ ဆေးရုံရောက်တဲ့အခါ သခင်ဖြစ်သူကို လက်တွန်းလှည်းနဲ့ သယ်သွင်းသွားချိန်မှာ သူကပါ အတင်းလိုက်ဝင်ဖို့ ကြိုးစားခဲ့တာကြောင့် ဝန်ထမ်းတွေက မဝင်အောင် တားတားထားခဲ့ရပါတယ်။
ခွေးကလည်း သူဝင်ရမည့်နေရာမဟုတ်ဘူးဆိုတာကို နားလည်သည့်အလား ဆေးရုံပေါက်ဝလေးမှာပဲ သခင်ပြန်အလာကို စောင့်မျှော်နေပါတယ်။ ဒါပေမယ့် သူ့သူခင်ဟာ အဲဒီညမှာပဲ သေဆုံးသွားခဲ့တယ်ဆိုတာကိုတော့ သူမသိပါဘူး။ သူဘယ်တော့မှလည်း သိနိုင်မှာ မဟုတ်ပါဘူး။
ဒီလိုနဲ့ ဆေးရုံအပေါက်ဝနားမှာ နေ့စဉ်ထိုင်စောင့်နေတတ်တဲ့ သူ့ကို လူတွေကရိပ်မိလာပြီး မေမြန်းရာမှ အဖြစ်ပျက်ကို သိသွားတဲ့နောက် သနားဂရုဏာသက်ကာ အစားကျွေးသူတွေ၊ နွေးနွေးထွေးထွေးဖြစ်အောင် စောင်ခင်းပေးသူတွေ ရှိလာခဲ့ပါတယ်။
လွန်ခဲ့တဲ့ လေးလလုံးလုံး သခင်အပေါ် သစ္စာရှိရှိ စောင့်နေတဲ့ခွေးဟာ ဆေးရုံထဲကို ဝင်သွားခြင်းမရှိပဲ လူတွေက သူ့အတွက် သတ်မှတ်ပေးထားတဲ့နေရာမှာပဲ သခင်ပြန်အလာကို စည်းကမ်းရှိစွာ စောင့်မျှော်နေတယ်လို့ ဆေးရုံဝန်ထမ်းတွေက ဆိုပါတယ်။
ဒီအကြောင်းကို ရှေ့နေတစ်ဦးဖြစ်တဲ့ Cristine Sardella က သူမရဲ့ ဖေ့စ်ဘွခ်ပေါ်မှာ ဓါတ်ပုံတွေနဲ့ မျှဝေခဲ့ပြီး “တစ်ခါတစ်ရံ လူတွေဟာ တိရိစ္ဆာန်တွေဆီကနေ သင်ယူစရာတွေ အများကြီးရှိပါလားလို့ သိလိုက်ရတယ်၊ ကွယ်လွန်သွားတဲ့ သူ့သခင်ကို စောင့်နေတာဟာ အချည်းအနှီး ဖြစ်ကောင်းဖြစ်ပေမယ့် သခင်အပေါ်မှာ ထားတဲ့မေတ္တာစိတ်ကတော့ အဆုံးမဲ့ပါပဲ” လို့ ရေးသားခဲ့ပါတယ်။
သူမတင်တဲ့ပုံတွေကို ဖေ့စ်ဘွခ်မှာတွေ့လိုက်ရတဲ့ ခွေးခြံပိုင်ရှင်တစ်ဦးက ဒီခွေးကို နောက်ထပ်သခင်တစ်ယောက် အသစ်ရသွားတဲ့ထိ စောင့်ရှောက်ပေးမယ်လို့ ကမ်းလှမ်းပြီး လာခေါ်သွားခဲ့ပါတယ်။ ဒါပေမယ့် သိပ်မကြာပါဘူး ခွေးဟာ အဲဒီနေရာက ပြန်ထွက်ပြေးလာပြီး သူ့သခင်ကို နောက်ဆုံးတွေ့ခဲ့ရတဲ့ ဆေးရုံအပေါက်ဝလေးဆီမှာပဲ လာပြန်စောင့်နေခဲ့ပါတယ်။
နောက်ဆုံးမှာတော့ ဆေးရုံရဲ့ ဧည့်ကြိုဝန်ထမ်း Leticia Nawas Bertolucci က ခွေးကိုမွေးစားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ခွေးကတော့ သခင်အသစ်ရသွားလို့ ပျော်နေတဲ့ဟန်ရှိပါတယ် ဒါပေမယ့် ဆေးရုံအပေါက်ဝကို ပြန်လာလိမ့်ဦးမလားဆိုတာကတော့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။