ဘယ်လ်ဂျီယံနိုင်ငံမှာရှိတဲ့ “The Beer Wall” ဆိုတဲ့ အရက်ဘားတစ်ခုက လာရောက်သောက်သုံးသူတွေဟာ ဘီယာခွက်တွကိုေ ခိုးယူလွန်းတာကြောင့် မခံစားနိုင်တဲ့အဆုံး ဘီယာခွက်တွေမှာ အချက်ပေးစနစ် တပ်ဆင်ခဲ့ရပါတယ်။
“The Beer Wall” မှာ အကြမ်းဖျဉ်းအားဖြင့် ဘယ်လ်ဂျီယံအမျိုးပေါင်း ၁,၆၀၀ ဝန်းကျင်ကို သူတို့ရဲ့ ကိုယ်ပိုင်ဘီယာခွက် ဒီဇိုင်းအမျိုးမျိုးနဲ့ ရောင်းချနေပြီး အချို့ခွက်လေးတွေက စိတ်ဝင်စားစရာ၊ ချစ်စရာ လိုချင်စဖွယ်လေးတွေ ဖြစ်တာကြောင့် ဘယ်လ်ဂျီယံမှာ နာမည်ကြီးတဲ့ ဆိုင်တစ်ဆိုင်လည်းဖြစ်ပါတယ်။
လှပပြီး ဒီဇိုင်းဆန်းတဲ့ ဘီယာခွက်တွေကို များသောအားဖြင့် ကမ္ဘာလှည့်ခရီးသည်တွေက အမှတ်တရအနေနဲ့ ခိုးယူသွားတတ်ကြပါတယ်။ အမှန်တော့ အဆိုပါခွက်များကို ဆိုင်ရဲ့ အမှတ်တရပစ္စည်း ရောင်းချတဲ့ နေရာမှာ ဝယ်ယူနိုင်ပေမယ့် လစ်ရင်လစ်သလို ခိုးယူသွားတာဖြစ်ပါတယ်။
ဆိုင်ထဲမှာ ဘီယာခွက်တွေကို မယူသွားကြဖို့ ဘာသာစကားလေးမျိုးနဲ့ အသိပေးကြေညာချက်တွေ ကပ်ထားပေမယ့် ခွက်တွေကတော့ ခိုးယူခံနေရမြဲဖြစ်ပါတယ်။ ဘီယာခွက်ပေါင်း ၄,၀၀၀ လောက် နှစ်စဉ်ခိုးခံရတယ်လို့ ဘားပိုင်ရှင် Philip Maes က ပြောပါတယ်။
“ဟိုတယ်တွေမှာဆို မျက်နှာသုတ်ပဝါတွေခိုးတယ်၊ စားသောက်ဆိုင်မှာ ဆားဗူး၊ ငရုပ်ကောင်းဗူးလေးတွေ ဆိုကြတယ်၊ ဘားမှာတော့ ဘီယာခွက်ကို ခိုးကြတယ်။ သောက်ပြီးရင် ဘီယာခွက်ကို လက်ဆောင်ပေးတယ်လို့ တစ်ချို့ကထင်နေကြလားမသိဘူး” ဟု ပြောဆိုခဲ့ပါတယ်။
အမြဲလိုလို ဘီယာခွက်တွေ ပျောက်နေတာကြောင့် သူ့ရဲ့အမြတ်အစွန်းကို ထိခိုက်လာတဲ့အတွက် နောက်ဆုံးမှာ ဒေါ်လာ ၅,၀၀၀ အကုန်ကျခံပြီး အချက်ပေးစနစ်ကို တပ်ဆင်လိုက်ပါတယ်။
အချက်ပေးဆင်ဆာကို ဘီယာခွက်တိုင်းရဲ့ အောက်ဆုံးနားမှာ ထည့်သွင်းထားပြီး ဘားဆိုင်ရဲ့ အဝင်ဝမှာတော့ အပြင်ကိုသယ်သွားတာနဲ့ အချက်ပေးမယ့် စနစ်တစ်ခုကို တပ်ဆင်လိုက်ပါတယ်။ ယခုလို ပြောင်းလဲတပ်ဆင်ထားမှုကို ဆိုင်ထဲမှာ တရားဝင်သတိပေးစာကပ်ထားခြင်းမရှိပဲ ခိုးတဲ့လူတွေကို ဖမ်းမိပြီးမှ မှတ်လောက်သားလောက်အောင် အရှက်ရစေချင်တယ်လို့ ဆိုပါတယ်။