1. Home
  2. Myanmar News

တိုက်ပိတ်ပြီး အကြိမ်ကြိမ်အဓ္ဓမမှုကျူးလွန်ခံရသူ ၁၇ နှစ်အရွယ်မိန်းကလေး

Myanmar News มี.ค. 22, 2561 view 1,757

မန္တလေးမြို့ မတ္တရာမြို့နယ်၊ လမိုင်းအုပ်စုကျေးရွာတွင်နေထိုင်သည့် ဒေါ်ဥမ္မာခင်၏ သမီးဖြစ်သူ အသက်(၁၇)နှစ်အရွယ် မ---သည် ၎င်းအိမ်အကူအဖြစ်အလုပ်လုပ်သည့် အိမ်တွင် လိင်ပိုင်းဆိုင်ရာအကြမ်းဖက် မှုများကြုံတွေ့ခဲ့ရပြီး အကြိမ်ကြိမ် အဓမ္မပြုကျင့်ခံခဲ့ရကြောင်း ပြောကြားခဲ့သည်။


''သမီးကိုလက်ပြန်ကြိုးတုပ်ထားတယ်။ အခန်းတစ်ခန်းထဲမှာ ပိတ်လှောင်ထားတယ်။ သူများတွေကို ပြောပြရင် အက်စစ်နဲ့လောင်းပြီး အရည်ဖျော်သတ်ပစ်မယ်ပြောလို့ ကြောက်ပြီးဘယ်သူကိုမှ မပြောဖြစ် ခဲ့ဘူး'' ဟု အဓမ္မပြုကျင့်ခံခဲ့ရသည့် အသက်(၁၇)နှစ်အရွယ် မိန်းကလေးက မတ်၂၁ရက်နေ့ နေ့လယ်ပိုင်းက မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် အတွင်းရှိ သတင်းစာရှင်းလင်းပွဲတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။


ဖြစ်စဉ်မှာ ဒေါ်ဥမ္မာခင်၏ တတိယမြောက်သမီးဖြစ်သူသည် ပုသိမ်ကြီးမြို့နယ်၊ အောင်မင်္ဂလာ(၁) ရပ်ကွက်တွင် နေထိုင်သော အစွပ်စွဲ ခံရသူများဖြစ်ကြသည့် ဦးဆန်းညွန့်ဝေ၊ ဒေါ်မြမြအေးတို့၏ နေအိမ်တွင် ကလေးထိန်းနှင့်အဝတ်လျှော်ခြင်း အလုပ်အတွက်တစ်လလျှင် ၈သောင်း ကျပ်ဖြင့် စတင်လုပ်ကိုင်ခဲ့ကြောင်း၊ ၎င်း၏အိမ်တွင် အလုပ်လုပ်ကိုင်နေစဉ် အိမ်ရှင်၏သားဖြစ်သူ ဖိုးဝ(ခေါ်)ရဲမင်း ထွန်းသည် မ --- အိပ်နေသော အိပ်ခန်းပြတင်းပေါက်ကို ခိုးဖွင့်ပြီး ဓားမြှောင်ကိုင်ထားကာ အော်လျှင် သတ်ပစ်မည်ဟု ခြိမ်းခြောက်၍ အသက်(၁၇)နှစ်အရွယ်ရှိ မ---အား အတင်းအဓမ္မသားမယားအဖြစ်ပြု ကျင့်ခဲ့ကြောင်း ပုသိမ်ကြီးမြို့နယ် ရဲစခန်းသို့ တိုင်ကြားထားသည့် တိုင်တန်းစာတွင် ထည့်သွင်းရေးသား ဖော်ပြထားသည်။


''သမီးနောက်ရက်ကျတော့ ခွင့်တစ်ရက်ယူပြီးတော့ အမေဆီပြန်လာခဲ့ရတယ်။ အမေကိုလည်း ပြန်မပြောရဲဘူး။ ဘာဖြစ်လို့ဖြစ်မှန်းကို မသိတော့ဘူး။ အဲနေ့ရောက်တော့ သေချင်တဲ့ စိတ်ပဲရှိတော့တယ်''ဟု အသက်(၁၇) နှစ်အရွယ်မိန်းကလေးက ၎င်းကြုံတွေ့ ခဲ့သည်များကို မီဒီယာသို့ပြန်လည် ပြောကြားခဲ့သည်။


မတ်၂ရက်နေ့က မိဘအိမ်ကို ပြန်လာသည့်အချိန်တွင် အဓမ္မပြုကျင့် သူဟု တိုင်ကြားခံခဲ့ရသည့် ဖိုးဝ(ခေါ်) ရဲမင်းထွန်းသည် မတ် ၃ ရက်နေ့ ည ၈ နာရီခွဲ အချိန်တွင် မ----ဖြစ်သူရောက် ရှိနေသည့် မိဘများ၏အိမ်သို့ လိုက်လာပြီး အိမ်တွင်အလုပ်ကိစ္စအရေးကြီးသဖြင့် ချက်ချင်းပြန်လိုက်ခဲ့ရန်ခေါ် သဖြင့် မိခင်ဖြစ်သည့် ဒေါ်ဥမ္မာမှာ အကျိုးအကြောင်းမသိသဖြင့် ယုံကြည်စွာဖြင့် ပြန်လည်ထည့်ပေးလိုက်မိကြောင်း မိခင်ဖြစ်သူ ဒေါ်ဥမ္မာက ပြောကြားသည်။


''အကျိုးအကြောင်းမသိသေးတော့ ကျွန်မကလည်း ယုံကြည်ရတဲ့ မိသားစုဖြစ်နေတော့ ပြန်ထည့်လိုက်မိတယ်။ ပိုက်ဆံပေးစရာရှိလို့ လစာ ၈ သောင်းက ကြိုထုတ်ထားပြီးသာ ဖြစ်နေပြီးလေ''ဟု ဒေါ်ဥမ္မာက ပြောကြားသည်။


ဖိုးဝ(ခေါ်)ရဲမင်းထွေးသည် မတ် ၃ ရက်နေ့တွင် မ---အား မိခင် ဖြစ်သူ ဒေါ်ဥမ္မာထံမှ ပြန်လည်ခေါ် ဆောင်သွားပြီး အိမ်သို့ပြန်မပို့ဘဲ ဟိုတယ်သို့ခေါ်ဆောင်သွားကာ မ--- အား မူးယစ်ဆေးဝါးများ တိုက်ထားခဲ့ပြီး ဟိုတယ်အခန်းတွင် သားမယား အကြိမ်ကြိမ်ပြုကျင့်ခဲ့ကြောင်း၊ ထိုသို့ သားမယားအဖြစ် ပြုကျင့်နေပုံများကို လက်ကိုင်ဖုန်းဖြင့် ဗီဒီယိုမှတ်တမ်း ရိုက်ယူထားကြောင်း၊ ထိုဗီဒီယိုမှတ်တမ်းကို မိမိအားပြန်လည်ပြသပြီး အခြားသူများကိုပြောပါက ဖွပစ်မည် ဟု ခြိမ်းခြောက်ကြောင်း ၄ ရက်နေ့ တွင် ဖိုးဝ(ခေါ်)ရဲမင်းထွန်းက ၎င်းတို့၏ နေအိမ်သို့ ပြန်လည်ခေါ်ဆောင်သွားပြီး နေအိမ်အပြင်သို့ ပေးအထွက်မခံဘဲ နောက်ဖေးတိုက်တွင် ၅ ရက် တိတိသော့ ပိတ်ထားပြီး အလိုမတူဘဲ ထပ်မံပြုကျင့်ခဲ့ကြောင်း၊ ထိုသို့ အဓမ္မမပြုကျင့်မီအချိန်တွင် မ---ဖြစ်သူကို ပန်းရောင်ဆေးပြား ၄ ပြား တစ်နေ့ တစ်ချိန်တိုက်ကြောင်း၊ အခန်းအပြင် မထွက်နိုင်ရန်အတွက် ခန္ဓာကိုယ်ကို ကြိုးဖြင့်တုပ်ပြီး ဓားနောက်ဖြင့်ရိုက်ကြောင်း ထိုသို့ဖြစ်ပျက်နေသည်များ ကို ဖိုးဝ(ခေါ်)ရဲမင်းထွန်း၏ အစ်မ နှင့် ညီမဖြစ်ကြသော ဒေါ်ရီဖြိုးဝေနှင့် ဒေါ်အိမွန်တို့က ပြန်လည်တိုင်ကြားခြင်း မပြုရန်အတွက် မ---ကို ခြိမ်း ခြောက်ပြီး ထပ်မံရိုက်နှက်ခဲ့ကြောင်း၊ ထို့အပြင် မအိမွန်သည် ၎င်း၏ ခင်ပွန်း နှင့် မ---ဖြစ်သူတို့ ဖောက်ပြန်သည့် ပုံစံပြုလုပ်ရန်အတွက် မ---ကိုင် ဆောင်သည့်ဖုန်းမှတစ်ဆင့် ဒေါ်အိမွန် ၏ ယောက်ျားကိုင်ဆောင်သော ဖုန်းသို့ မက်ဆေ့များပို့ပြီး ထင်ယောင် ထင်မှားဖြစ်အောင် ပြုလုပ်ခဲ့ကြောင်း၊ အတင်းအဓမ္မကျူးလွန်ခံခဲ့ရသည့် မ---က ပြောကြားခဲ့သည်။


''နောက်ဆုံး ကိုယ့်ဘာသာကိုယ် ကြိုးကိုရအောင်ဖြည်ပြီး ပြတင်း ပေါက်ကနေ ခုန်ချထွက်ပြေးခဲ့ရတယ်'' ဟု မ---က ၎င်းပြန်လည်လွတ်မြောက် လာပုံကိုမီဒီယာသို့ ပြန်လည်ပြောပြခဲ့ သည်။


အဆိုပါကိစ္စနှင့် ပတ်သက်၍ ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံရသည့် ဖိုးဝ(ခေါ်)ရဲမင်းထွန်းကို ပ(၇၄)ဖြင့် ပုသိမ်ကြီးမြို့မရဲစခန်းတွင် အမှုဖွင့်ထားပြီး တစ်သက်တစ်ကျွန်းချမှတ် ပြစ်ဒဏ်ဖြစ်သည့် ရာဇသတ်ကြီးပုဒ်မ -၃၇၆ ဓမ္မတာနှင့်ဆန့်ကျင်သည့် မုဒိမ်းမှု၊ မတရားပိတ်ပင်ချုပ်နှောင်ထားမှု ဖြစ်သည့် ပုဒ်မ-၃၄၃၊ နာကျင်စေမှုဖြစ် သည့် ပုဒ်မ-၃၂၃၊ ခြိမ်းခြောက်မှုဖြစ် သည့် ပုဒ်မ-၅ဝ၆၊ ပြစ်မှုကျူးလွန်ရန် အားပေးကူညီမှုဖြစ်သည့် ပုဒ်မ-၁၁၄ တို့ဖြင့် အမှုဖွင့်တိုင်တန်းထားကြောင်း သိရှိရသည်။


မ---အပေါ် အတင်း အဓမ္မအလိုမတူဘဲ ခြိမ်းခြောက်နှိပ်စက်ကြသူများကို လိုက်လံဖမ်းဆီးနေ ပြီဖြစ်ကြောင်း ပုသိမ်းကြီးမြို့မရဲစခန်း မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

Friday Times News Journal
 



Follow us on