အိမ်ထောင်သည်တွေအတွက် ရင်းသွေးလေးတွေ ရလာတယ်ဆိုတာ “ရတနာ” တစ်ပါးပဲဆိုတာ အားလုံးက အပြည့်အဝလက်ခံထားပြီးသားပါ။ မိဘအတော်များများက ကိုယ့်ရင်သွေးလေးရလာရင် ဘာလေးဖြစ်ဖြစ် အသည်းတုန်အောင် ချစ်မှာပဲဆိုတဲ့ စိတ်မျိုးပဲရှိကြပါတယ်။
ဒါပေမယ့် ဒီလူတစ်ယောက်ကတော့ သားယောက်ျားလေးကိုမှ အသည်းအသန်လိုချင်နေသူဖြစ်ပါတယ်။ ဒါပေမယ့် ကံကြမ္မာကသူဖက်မပါတဲ့အခါ မွေးလာတဲ့ကလေးက မိန်းကလေးဖြစ်နေပါတယ်။ ဒီအခါမှာတော့ ကလေးကို မြင်တွေ့နေရတိုင်း ကြည့်မရတဲ့စိတ်နဲ့ ရင်ထဲမှာ ဒေါသက တစ်လိပ်လိပ်တက်လာနေပါတယ်။
ပြဿနာက အဲဒီမှာပဲစပါတယ်..။
အိုဟိုင်းအိုး ပြည်နယ်က အသက် ၃၃ နှစ်အရွယ် Jason Bittner ဟာ သူရဲ့ သမီးငယ် ၃ လသမီးလေးကို ဦးနှောက်မှာဒဏ်ဖြစ်ကာ အရိုးတွေကျိုးအောင် ရိုက်နှက်ခဲ့မှုနဲ့ အဖမ်းခံရပြီး အမှုရင်ဆိုင်နေရပါတယ်။
စုံစမ်းစစ်ဆေးသူတွေ ဖော်ထုတ်ချက်အရ သူ့ရဲ့မိသားစုမှာ သမီးမိန်းကလေးနှစ်ဦး ရှိနှင့်ခဲ့ပြီးဖြစ်ကာ နောက်ထပ်မွေးလာမယ့်ကလေးကို ယောက်ျားလေးဖြစ်ဖို့ မျှော်လင့်ခဲ့ပါတယ်။ ဒါပေမယ့် မိန်းကလေးပဲ ထပ်မွေးခဲ့တာကြောင့် မွေးလာတဲ့ကလေးအပေါ် အတော်ကြီး မကျေမချမ်းဖြစ်နေခဲ့တယ်ဆိုတာ တွေ့ရှိခဲ့ပါတယ်။
ဒဏ်ရာတွေရနေတဲ့ ကလေးကို မိခင်ဖြစ်သူက ဆေးရုံကိုပို့ဆောင်ခဲ့ပြီး အဖြစ်မှန်ကို ဝန်ခံခဲ့ပေမယ့် သူကတော့ မတော်တဆဖြစ်တာလို့ ထွက်ဆိုခဲ့ပါတယ်။
ကလေးရဲ့ ခန္ဓာကိုယ်အနှံ့အပြား အရိုး ၂၈ ချောင်း ကျိုးခဲ့ပါတယ်။ ဒီဒဏ်ရာတွေကို ကြည့်ခြင်းအားဖြင့် ကလေးဟာ အကြိမ်ကြိမ် လူမဆန်စွာ နှိပ်စက်ခံထားရပြီး ဒဏ်ရာရဲ့ အတိမ်အနက်တွေကလည်း တစ်ခုနဲ့တစ်ခု မတူဘူးလို့ ဆရာဝန်တွေက စစ်ဆေးပြီးနောက် ပြောကြားခဲ့ပါတယ်။
Jason Bittner ကိုယ်တိုင်က လိုင်စင်ရ အရိုးအကြောပြင်ဆရာတစ်ဦးဖြစ်ပေမယ့် ဒဏ်ရာရနေတဲ့ သမီးငယ်ကို ကုသပေးရမယ့်အစား ပစ်ထားပါတယ်။ အခုဆိုရင်တော့ Jason Bittner ကို တရားရုံးနှစ်ခုက ကလေးငယ်ကို အန္တရာယ်ဖြစ်စေလောက်အောင် နှိပ်စက်ခဲ့တဲ့အတွက် ကြီးလေးသော ပြစ်မှုနဲ့ တရားစွဲဆိုထားပြီး ဒုတိယ တရားရုံးတော်က ကလေးကို ဆေးကုသဖို့အတွက် မကြိုးပမ်းပဲ ပျက်ကွက်ခဲ့မှုအတွက်ပါ ထပ်မံတရားဆွဲဆိုထားပါတယ်။
ယခုဆိုရင် သမီးငယ်ဖြစ်သူက စိတ်ချရတဲ့အနေအထားကြောင့် ဆေးရုံပေါ်မှဆင်းကာ အိမ်မှာပဲ ဆက်လက်ဂရုစိုက်ကုသမှုခံယူနေချိန်မှာတော့ ဖခင်ဖြစ်သူက ကျူးလွန်ထားတဲ့ ပြစ်မှုအတွက် တရားရင်ဆိုင်နေရပြီဖြစ်ပါတယ်။