
မေလ ၁ ရက်နေ့က (၁၄) ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲတွင် မိုးယံရွှေလမင်းနှင့်မြတ်ဆုကုဋေ မိုးကောင်းမြို့ပင်ရင်းထီဆိုင်မှကျပ်သိန်း ၃၀၀ ဆုရှင်တစ်ဦး ပေါ်ထွက်လာခဲ့သည်။

သိန်း(၃၀၀) ဆုရှင်မှာ ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် အုတ်ဖိုမြို့နယ် ဆင်ခေါင်းကျေးရွာအုပ်စု အညာတန်းကျေးရွာနေ ဦးမင်းအောင်(၄၇)နှစ် ဖြစ်ပြီး မြစ်ကြီးနား - ရွှေဘို ပြည်ထောင်စုကားလမ်းမကြီး အဆင့်မြှင့်တင်ရေး လုပ်ငန်းခွင်တွင် AC ခင်းခေါင်းဆောင်အဖြစ် လုပ်ကိုင်နေသူ လမ်းခင်းလုပ်သားတစ်ဦး ဖြစ်သည်။

မိုးယံရွှေလမင်းနှင့်မြတ်ဆုကုဋေ မိုးကောင်းမြို့ ပင်ရင်းထီဆိုင်မှ ငါးစောင်တွဲ ထိုးခဲ့ရာ (ဃ ၃၇၃၇၆၃) ထီလက်မှတ်ဖြင့် သိန်း ၃၀၀ ဆုကြီး ဆွတ်ခူးခဲ့ခြင်းဖြစ်သည်။
“ထီပေါက်တဲ့ သိန်း(၃၀၀)စလုံး အမေကိုလွှဲပေးမှာပါ ရွာမှာလည်းဓမ္မာရုံဆောက်နေတော့ အမေစိတ်ချမ်းသာသလို သုံးဘို့အကုန်လွှဲပေးလိုက်မှာပါ” ဟု ကံထူးရှင် ဦးမင်းအောင်က ပြောကြားခဲ့သည်။
ဆုငွေကျပ်သိနိး (၃၀၀) ကိုလည်း မိုးယံရွှေလမင်းနှင့်မြတ်ဆုကုဋေ မှ ကံထူးရှင် ဦးမင်းအောင်အား ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း မိုးကောင်းသတင်းမီဒီယာမှ သိရှိရသည်။
comment