တောင်ကိုရီးယားနိုင်ငံက သန့်ရှင်းရေးအလုပ်သမားတစ်ဦးဟာ အမှိုက်ပုံးထဲကနေ သတင်းစာစက္ကူနဲ့ ပတ်ထားတဲ့ ရွှေချောင်းတွေ ကောက်ရခဲ့တာကြောင့် နေ့ချင်းညချင်းဆိုသလို ကံကြမ္မာအလှည့်အပြောင်းနဲ့ သူဌေးတစ်ယောက် ဖြစ်လာနိုင်ဖို့ ရှိနေပါတယ်။
သန့်ရှင်းရေးဝန်ထမ်းဟာ ကိုရီးယားဝမ်ငွေ ၃၅၀ မီလီယံ (ကျပ်ငွေ သိန်း ၄,၄၀၀ ကျော်) တန်ဖိုးရှိတဲ့ ရွှေချောင်း (၇) ချောင်းကို ဧပြီလ ၂၆ ရက်နေ့က အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ် အမှိုက်ပုံးထဲက တွေ့ခဲ့တယ်လို့ ကိုရီးယားတိုင်းမ် သတင်းစာမှာ ဖော်ပြထားပါတယ်။
ရွှေချောင်းတစ်ချောင်းစီဟာ အလေးချိန် ၁ ကီလိုရှိပြီး ရွှေချောင်းတွေကို သတင်းစာစက္ကူနဲ့ ပတ်ထားပြီး လေဆိပ်က အမှိုက်ပုံးထဲမှာ ထည့်ထားတာဖြစ်ပါတယ်။ ရွှေချောင်းတွေရဲ့ ပိုင်ရှင်ဟာ အဖမ်းအဆီးခံရမယ့်အန္တရာယ် မြင်တဲ့အတွက် အမှိုက်ပုံးထဲ ကပျာကယာစွန့်ပစ်ခဲ့ဟန်တူတယ်လို့ ရဲတွေက ယူဆထားပါတယ်။
လက်တစ်လောမှာတော့ ရွှေချောင်းတွေနဲ့ ဆက်စပ်တဲ့ ရာဇဝတ်မှုသတင်း တစ်စုံတစ်ရာ မရှိသေးပါဘူး။ အကယ်၍ ပိုင်ရှင်မပေါ်ပေါက်ခဲ့ရင်တော့ သန့်ရှင်းရေးသမား (အမည်မဖော်လိုသူ) က ရွှေချောင်းတွေအပေါ်မှာ ရပိုင်ခွင့်တွေ ရှိနေပါတယ်။
တောင်ကိုရီးယားနိုင်ငံရဲ့ “ပစ္စည်းကောက်ရမှု” ဥပဒေအရ ၆ လအတွင်း ပိုင်ရှင်မှန် မပေါ်ပေါက်ခဲ့ ကောက်ရသူက ပစ္စည်းပိုင်ဆိုင်ခွင့်ရှိပါတယ်။ အကယ်၍ ပိုင်ရှင်မှန်ပေါ်ပေါက်ခဲ့ပါကလည်း လက်ရှိရွှေချောင်းများရဲ့ ပေါက်ဈေး ၅% ကနေ ၂၀% ထိ ရပိုင်ခွင့်ရှိနေတဲ့အတွက် သန့်ရှင်းရေးသမားအနေနဲ့ အနည်းဆုံး ဝမ်ငွေ သန်း ၇၀ (ကျပ်သိန်း ၈၇၀ ကျော်) ရရှိမှာဖြစ်တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။