1. Home
  2. Special or Others

၁၁ နှစ်ကျော်ကြာ မျက်နှာမရှိခဲ့တဲ့ အမျိုးသမီးအတွက် ဆရာဝန်များက မျက်နှာအသစ်တစ်ခု အစားထိုးပေးနိုင်ခဲ့

Special or Others พ.ค. 04, 2561 view 1,574

Chrissy Steltz ဆိုသူ အမျိုးသမီးဟာ ၁၉၉၉ ခုနှစ်က သူမရဲ့ အိမ်မှာ ပါတီပွဲတစ်ခု ကျင်းပရာမှ မျက်နှာကို ပြောင်းချောသေနတ်(shot-gun) နဲ့ ပစ်ခံရတာကြောင့် သူမရဲ့ မျက်နှာတစ်ခြမ်းနဲ့ အရေးကြီး အစိတ်အပိုင်းတွေအားလုံး ဆုံးရှုံးခဲ့ရပါတယ်။


သူမရဲ့အိမ်မှာ ပါတီလုပ်တဲ့ညက သူမရဲ့ ရည်းစားဖြစ်တဲ့ Will O’Brien ဆိုသူက ထိုင်ခုံအောက်ကနေ ရှော့ဂန်းတစ်လက်ကို ရှာတွေ့ခဲ့ပါတယ်။ Steltz က “သူ့နေရာသူပြန်ထားလိုက် တစ်ယောက်ယောက်ကို ပစ်မိဦးမယ်” လို့ သတိပေးခဲ့ပေမယ့် သူက “စိတ်မပူပါနဲ့ ကျည်ဆံမထည့်ထားပါဘူး” ဟု ပြန်ပြောခဲ့ပါတယ်။


ခဏအကြာမှာတော့ မတော်တဆ ရှော့ဂန်းကျည်ထွက်ခဲ့ပြီး ကံဆိုးမှုအားလုံးကို Steltz တစ်ယောက်ထဲပဲ ခါးစည်းခံခဲ့ရပါတယ်။ ရှော့ဂန်းထိမှန်မှုကြောင့် Steltz ရဲ့ မျက်နှာ စုတ်ပြတ်သွားပြီး ကြမ်းပြင်ပေါ်မှာ သွေးအိုင်ထဲ လဲနေခဲ့ပါတယ်။
ဆေးရုံကို အမြန်ပို့ခဲ့လို့ ခွဲစိတ်ကုသမှု အောင်မြင်ခဲ့ပြီး အသက်မသေခဲ့သော်လည်း သူမအတွက် ပျက်ဆီး ဆုံးရှုံးနစ်နာမှုတွေက ထိတ်လန့်စရာကောင်းပါတယ်။


သူမကို ခွဲစိတ်ပေးတဲ့ ဆရာဝန် Dr.Eric Dierks ရဲ့ အဆိုအရ ကျည်ဆံပေါက်ကွဲမှုကြောင့် သူမရဲ့ ညာဘက်မျက်လုံးအိမ်၊ နှာခေါင်းနဲ့ မျက်နှာရဲ့ အလယ်ပိုင်းက အရိုးတွေကို ဖြတ်ထုတ်ခဲ့ရတဲ့အတွက် သူမရဲ့အမြင်အာရုံ၊ အနံ့ခံအားရုံတို့အပြင် အကြားအာရုံပါ ဆုံးရှုံးခဲ့ရပါတယ်။


သူမဟာ ဆေးရုံပေါ်မှာ (ကိုမာ) ရကာ ခြောက်ပတ်တိတိ သတိလစ်မေ့မြောနေခဲ့သည်။ သူမ သတိပြန်လည်လာချိန်မှာတော့ ဆရာဝန်များက ဒဏ်ရာတွေနဲ့ပက်သက်ပြီး တစ်ဖြည်းဖြည်း နားဝင်အောင် ရှင်းပြပေးခဲ့ရပါတယ်။
ဒါဇင်နဲ့ချီတဲ့ ကျည်ဆံ အစအနတွေက သူမရဲ့ ဦးနှောက်ရဲ့ အတွင်းပိုင်းတွေထိ ရောက်သွားခဲ့တာကြောင့် ပြန်ထုတ်ယူလို့ မရသလို ဦးနှောက်လည်းအနည်းငယ် ထိခိုက်ခဲ့ရပါတယ်။


Steltz ဟာ မျက်မမြင်တုတ်ချောင်းလေးနဲ့ သွားလာနေရပြီး စိတ်အားတင်ကာ ကျောင်းပြန်တက်ခဲ့ပပါတယ်။ နောက်ဆုံးမှာတော့ A အဆင့်နဲ့ ဘွဲ့တစ်ခုရခဲ့ပါတယ်။

သူမရဲ့ ရည်းစားဖြစ်သူ O’Brien နဲ့လည်း ဇာတ်လမ်း ပြတ်သွားပါတယ်။ ဒါပေမယ့် Geoffrey Dilger ဆိုသူ မျက်မမြင်တစ်ဦးနဲ့ ချစ်သူဖြစ်ခဲ့ပါတယ်။ သူတို့နှစ်ဦးလက်ထပ်ခဲ့ပြီး သားလေး တစ်ယောက်တောင် ရှိနေပါတယ်။


Steltz ဟာ ၂၀၁၀ ခုနှစ်ထိ ၁၁ နှစ်ကြာ သူမရဲ့မျက်နှာကို မျက်နှာဖုံးတပ်ကာ နေထိုင်ခဲ့ရပါတယ်။ ၂၀၁၀ မှာတော့ ဆရာဝန်တွေရဲ့ ကြိုးပမ်းမှုနဲ့ သူမအတွက် အစားထိုး မျက်နှာအသစ်တစ်ခု ဖန်တီးနိုင်ခဲ့ပါတယ်။
သားဖြစ်သူအတွက် အခြားမိခင်တွေလို ပုံမှန်မျက်နှာမျိုး ရှိစေချင်ခဲ့တာက သူမကို မျက်နှာအစားထိုးဖြစ်ဖို့ အဓိကစေ့ဆော်မှုဖြစ်ပါတယ်။


ဆရာဝန်တွေက Steltz ရဲ့ ပျက်ဆီးနေတဲ့ အသားစတစ်ရှုးကနေ စီလီကွန်နည်းပညာနဲ့ ပေါင်းစပ်ပြီး မျက်နှာအသစ်တစ်ခု ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။ ကုန်ကျစရိတ်အားဖြင့် ဒေါ်လာ ၈၀,၀၀၀ ဝန်းကျင်ရှိပြီး Steltz ရရှိခဲ့တဲ့ အာမခံကြေးငွေနဲ့ လုံလောက်မှု ရှိခဲ့ပါတယ်။


အခုဆိုရင် သူမကို မိသားစုဝင်တွေအားလုံးက ပြည့်စုံတဲ့ မျက်နှာလေးနဲ့ ပြန်လည်မြင်နေရပြီဖြစ်ပါတယ်။ ဒါပေမယ့် နောက်ထပ် နှစ်အနည်းငယ်ကြာရင်တော့ မျက်နှာကို နောက်ထပ် အသစ် ပြန်လည် လဲလှယ်ဖို့ လိုအပ်ပါတယ်။


Steltz ကတော့ ဘဝအသစ်မှာ အသားကျနေပြီဖြစ်လို့ နောက်ထပ်ဘာမှ မျှော်လင့်ချက်မထားတော့ပဲ သူ့ရဲ့သားလေးက မိခင်ကို သူများမိခင်တွေလို ပုံမှန်မျက်နှာနဲ့ မြင်ခွင့်ရနေတာနဲ့တင် ကျေနပ်လို့နေပြီဖြစ်ပါတယ်။



Follow us on