ရန်ကုန်တိုင်း သုဝဏ္ဏမြို့နယ်မှာရှိတဲ့ နေအိမ်တစ်လုံးမှာ ရှေးဟောင်းပစ္စည်းတစ်ခုဖြစ်တဲ့ ဘီရိုကြီးတစ်လုံးက သဘာဝလွန်ဖြစ်ရပ်ဆန်းများ ဖြစ်နေတာကို ပိုင်ရှင်ဖြစ်သူက လူမှုကွန်ယက် ဖေ့စ်ဘွခ်ပေါ်မှာ Live video လွှင်တင်ခဲ့ပါတယ်။ အဆိုပါဗီဒီယိုကြောင့် လူမှုကွန်ယက် သုံးစွဲသူတွေကြားထဲမှာ အငြင်းပွားစရာများ ဖြစ်ပေါ်လျှက်ရှိပါတယ်။
သုဝဏ္ဏမြို့ ပတ္တမြားလမ်းတွင် နေထိုင်သူ ဒေါက်တာလှဝင်းအောင် က ရှေးဟောင်းပစ္စည်းများ စုဆောင်းတတ်တဲ့ ဝါသနာရှင်ဖြစ်ပြီး သူရဲ့နေအိမ်အခန်းတစ်ခုထဲမှာ စုဆောင်းထားတဲ့ ရှေးဟောင်းပစ္စည်းအများအပြားရှိနေပါတယ်။ အဲဒီပစ္စည်းတွေထဲမှာ အဆိုပါဘီရိုကြီးလဲ တစ်လုံးအပါအဝင်ပါ။
ဒီဘီရိုကြီးကို လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်လောက်က ပင်လောင်းမြို့မှ ယူဆောင်လာခဲ့ပြီး ဘုန်းကြီးကျောင်းတစ်ကျောင်းကို သွားလှူထားခဲ့ရာ ကျောင်းက ပြန်စွန့်လိုက်သဖြင့် သူ့ရဲ့နေအိမ်ထဲမှာပဲ ပြန်လည် သိမ်းထားခဲ့တာဖြစ်ပါတယ်။
ဘီရိုကြီးမှာ သဘာဝလွန်ဖြစ်ရပ်တွေ အသံတွေ ဖြစ်ပေါ်ခဲ့တာ လနဲ့ချီနေခဲ့ပြီးဖြစ်ပြီး အဆိုပါကိစ္စနဲ့ပက်သက်ပြီး စိတ်သောကဖြစ်နေရတဲ့ ဒေါက်တာလှဝင်းအောင် မေလ ၁၃ ရက်နေ့က Live လွှင့်ခဲ့တာဖြစ်ပါတယ်။
သူရဲ့ Live ဗီဒီယိုနဲ့ ပက်သက်ပြီး လိမ်လည်လှည့်စားတယ်လို့ လူမှုကွန်ယက်မှာ ဝေဖန်သံတွေ ဆူညံနေခဲ့ပါတယ်။