1. Home
  2. Myanmar News

တာဝန်ယူမှု တာဝန်ခံမှုအပြည့်နဲ့ ချင်းပြည်နယ်ဝန်ကြီး ရာထူးမှနှုတ်ထွက်

Myanmar News พ.ค. 18, 2561 view 1,543

ချင်းပြည်နယ်၏ ဝန်ကြီးဖြစ်သူ “ဆလိုင်းအိုက်ဇက်ခင်” ကို နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ အမိန့်ကြော်ငြာစာအမှတ် ၂၁/၂၀၁၈ ဖြင့် နှုတ်ထွက်ခွင့်ပြုကြောင်း ယနေ့ (၁၈.၀၅.၂၀၁၈) ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် တရားဝင်ဖော်ပြပါရှိခဲ့သည်။


ဝန်ကြီးအဖြစ်ကနေ နုတ်ထွက်ခဲ့ရတဲ့အကြောင်းအရင်းကို “ဆလိုင်းအိုက်ဇက်ခင်” က သူ့ရဲ့ လူမှုကွန်ယက်ပေါ်ကနေ အများပြည်သူ ရှင်းလင်းစွာ သိရှိစေရန် အောက်ပါအတိုင်း ရေးသားဖော်ပြခဲ့ပါတယ်။

ဟားခါးမြို့ပြစီမံကိန်း၊ ဟားခါးဈေးတည်ဆောက်ရေးနှင့် ဖလမ်းရေပေးရေးစီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ သတ်မှတ်အချိန်ကာလအတွင်း အဆင်ပြေချောမွေ့စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်း မရှိခဲ့တဲ့အတွက် သက်ဆိုင်ရာပြည်သူလူထုတွေမှာ အခက်အခဲတွေကြုံတွေ့ခဲ့ရတာကြောင့် မိမိကွပ်ကဲမှုအောက်ရှိလုပ်ငန်းများနှင့် ပတ်သက်၍ တာဝန်ယူ၊ တာဝန်ခံမှုပြုတဲ့အနေနဲ့ မိမိသဘောဆန္ဒအလျောက် ရာထူးတာဝန်မှ နုတ်ထွက်ခွင့်ပြုရန် တင်ပြခဲ့ပြီး၊ ယမန်နေ့ (၁၇၊ မေလ ၂၀၁၈)မှာ နိုင်ငံတော်သမ္မတကြီးက တရားဝင် ခွင့်ပြုပေးလိုက်ပြီဖြစ်ပါတယ်။


မိမိအနေနဲ့ တာဝန်ထမ်းဆောင်စဉ် (၂)နှစ်တာကာလအတွင်း ပြည်နယ်အကျိုးအတွက် ကိုယ်ကျိုးမဖက် ရိုးသားမှန်ကန် သန့်ရှင်းဖြောင့်မတ်စွာ ကြိုးစားထမ်းရွက်ခဲ့ပါတယ်။ အကြောင်း အမျိုးမျိုးကို အခြေခံပြီး မိမိကြောင့် ထိခိုက်နစ်နာမှုတွေ ဖြစ်ပေါ်ကြုံတွေ့ခဲ့ရတာမျိုး ရှိခဲ့မယ်ဆိုရင်လည်း မိမိရဲ့ အားနည်းချက်တွေပဲဖြစ်လို့ နားလည်ခွင့်လွတ်ပေးကြဖို့ ပန်ကြားလိုပါတယ်။


ဒီ (၂)နှစ်တာ အတွင်း မိမိနဲ့အတူ လက်တွဲဆောင်ရွက်ခဲ့ကြတဲ့ ချင်းပြည်နယ် ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ချင်းပြည်နယ် လွှတ်တော်ဥက္ကဌနဲ့ လွှတ်တော်ကိုယ်စားလှယ်များ၊ ပါတီမှတာဝန်ရှိသူများအားလုံးကို အထူး ကျေးဇူးတင်ရှိပါကြောင်းဖော်ပြလိုပါတယ်။


မိမိကွပ်ကဲမှုအောက်မှာရှိတဲ့ဌာနအသီးသီးမှဝန်ထမ်းများအပါအဝင် ဌာနဆိုင်ရာဝန်ထမ်းများအနေနဲ့ အစိုးရအပေါ်သစ္စာရှိရှိနဲ့ ရိုးသားဖြောင့်မတ်ခြင်းနဲ့ နိုင်ငံအကျိုး၊ ပြည်နယ်အကျိုး ဆက်လက် ကြိုးစားဆောင်ရွက်ပေးကြဖို့…၊ မိမိအပေါ်ချစ်ခင်ကြတဲ့ ပြည်နယ်သူ ပြည်နယ်သားများအနေနဲ့လည်း ဝန်ကြီးချုပ်နဲ့ ပြည်နယ်အစိုးရရဲ့ဦးဆောင်မှုအောက်မှာ ဘက်စုံ ဖွံ့ဖြိုးတိုးတက်တဲ့ ပြည်နယ်အဖြစ် ဆက်လက်တက်လှမ်းနိုင်ရေး အင်ပြည့်အားပြည့် ပူးပေါင်းပါဝင်ပေးကြဖို့ ဖိတ်ခေါ်ပန်ကြားအပ်ပါတယ်။


ဒီ (၂)နှစ်တာအတွင်း မိမိကို ယုံယုံကြည်ကြည်နဲ့ ထောက်ခံအားပေးခဲ့ကြသူများအားလုံးကို အထူး ကျေးဇူးတင်ရှိပါကြောင်း လှိုက်လှိုက်လှဲလှဲဖော်ပြအပ်ပါတယ်ခင်ဗျား။ ...
ဆလိုင်းအိုက်ဇက်ခင်
၁၈၊ မေလ ၂၀၁၈
ဖုံး - ၀၉ ၇၈၀၀၁၆၅၁၃

 



Follow us on