1. Home
  2. Myanmar News

လေးဂွဖြင့်ပစ်ခံရမှုကြောင့် လူရွှင်တော်တစ်ဦး မျက်လုံးကျွတ်ထွက်

Myanmar News พ.ค. 22, 2561 view 1,570

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် ရွာတန်းရွာ၌ ဖျော်ဖြေ ကပြလျက်ရှိသည့် အောင်ပင်လယ်ဆပ် ကပ်အဖွဲ့မှ ဆပ်ကပ်ပညာရှင်(joker) ဟာသလူရွှင်တော် ကြက်တူရွေး(ခ)ကိုနေမင်းကို ပရိသတ်အတွင်းမှ လေးခွဖြင့် ပစ်ခတ်မှုကြောင့် ယာဘက်မျက် လုံးအတွင်းသို့ လောက်စာလုံး ထိမှန် ဝင်ရောက်သွားသဖြင့် ခွဲစိတ်ကုသခဲ့ရ ကြောင်း မြန်မာနိုင်ငံ သဘင်အစည်း အရုံး(ဗဟို)က သတင်းထုတ်ပြန်ခဲ့သည်။

ကြက်တူရွေး(ခ)ကိုနေမင်း (၂၅) နှစ်၏ မျက်လုံးအတွင်းဝင်သွားသည့် လောက်စာလုံးအား ခွဲစိတ်ထုတ် ပစ်ရမည်ဖြစ်ပြီး မျက်လုံးကျွတ်ထွက် ပျက်စီးသည်အထိ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ မင်းမဲ့စရိုက်ဆန်သည့် ယင်းအပြုအမူအတွက် ပြင်းစွာရှုတ်ချ ကြောင်း၊ ထိုရွာသည် သွားရောက်ကပြ ဖျော်ဖြေသည့် သဘင်အဖွဲ့ အများစု အပေါ် ရန်ဖြစ် အကြမ်းဖက်လေ့ရှိ သည့် ဒေသဖြစ်ကြောင်း၊ နောင်တွင် ထိုဒေသသို့ သွားရောက်ကပြဖျော်ဖြေ မည့်သဘင်အဖွဲ့များအနေဖြင့် သတိ ပြုဆင်ခြင်နိုင်ကြရန်နှင့် သဘင်အဖွဲ့များ လုံခြုံရေးပိုမိုရရှိစေရန် အစိုးရဌာန အသီးသီးထံဆက်သွယ်ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆက်လက်ဖော်ပြထားသည်။

မေ ၁၉ ရက် ည ၉ နာရီခန့်က ဖြစ်ပွားခဲ့သည့် ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ရဲအရာရှိတစ်ဦးကို
ဆက်သွယ်မေးမြန်းရာ ”ဆပ်ကပ်အဖွဲ့ဖျော်ဖြေနေတဲ့အချိန်မှာ ပရိသတ်က လှောင်ပြောင်ပြောဆိုတာတွေ ရှိမှာပေါ့။ အဲဒီမှာ အချေအတင်ဖြစ်တယ်လို့ သိရတယ်။ အဲဒီမှာ ဖြေရှင်းပေးနေတဲ့သူက ဖြေရှင်းပေးနေတုန်း ဘယ်ကမှန်းမသိတဲ့ တစ်ယောက်က လေးခွနဲ့ပစ်လိုက်တာ မျက်လုံးမှန်သွားတယ်။ လောလောဆယ် ဖြစ်တဲ့အထဲမှာ ပါတဲ့လူတချို့ကို စစ်ဆေးနေတာပေါ့။ ဒါပေမဲ့သူတို့က ပစ်တဲ့သူမဟုတ်ဘူး။ မနေ့က မေ၂၀ ရက်မှာ အမှုဖွင့်တာဆိုတော့ စုံစမ်းနေဆဲပါပဲ”ဟု ရှင်းပြခဲ့သည်။

ယင်းသို့ အချေအတင်ဖြစ်ပွားစဉ်ပစ်ခတ်ရန် မြှောက်ပင့်အားပေးကူညီသူဟု ယူဆရသူ အမျိုးသား ၆ ဦးကို ရွာတန်းနယ်မြေရဲစခန်းတွင် (ပ)၅၃/၂၀၁၈၊ပြစ်မှုဥပဒေပုဒ်မ-၃၂၅/၃၂၃/၁၁၄ ဖြင့်အမှုဖွင့်ထားကြောင်း၊ လေးခွဖြင့် ပစ်သူ(စုံစမ်းဆဲ)ကိုလည်း ယင်းပုဒ်မများဖြင့်အမှုဖွင့်ထားပြီး ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆက်လက်ရှင်းပြခဲ့သည်။

အခင်းဖြစ်နေရာသို့ မြန်မာနိုင်ငံသဘင်အစည်းအရုံး အလုပ်အမှုဆောင်ဦးဌေးလွင် ဦးဆောင်သောအဖွဲ့က သွားရောက်၍ လိုအပ်သည့်အကူအညီများ​ဆောင်ရွက်ပေးခဲ့ကြောင်း၊ မျက်စိတစ်ဖက်ထိခိုက်ခဲ့သည့် လူရွှင်တော်ကြက်တူရွေး(ခ)မောင်နေမင်း အတွက်မန္တလေးတိုင်းဒေသကြီး သဘင်လူမှုကူညီစောင့်ရှောက်ရေးကော်မတီမှ ငွေကျပ် သုံးသိန်း၊ အာဇာနည်စန်းစန်း ဆပ်ကပ်အဖွဲ့တာဝန်ခံ ဦးကျော်ဦးက ငွေကျပ် သုံးသိန်း၊ ရွှေမန်းသဘင် ဦးချမ်းသာကငွေကျပ် တစ်သိန်း၊ စံပြသဘင်မှ ဟန်ဇာမိုးဝင်းက ငွေကျပ်တစ်သိန်း၊ ရမည်းသင်းမြို့နယ် သဘင်အစည်းအရုံးက ကျပ် ၃၀၀၀၀ တို့ကို စုပေါင်းကူညီထောက်ပံ့ပေးခဲ့ကြောင်း လူရွှင်တော်အဖွဲ့မှ ဦးကောင်းကျော်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြထားကို တွေ့ရသည်။

The Standard Time

 



Follow us on