
ရင်သားပြုပြင်လိုသူ အမျိုးသမီးများအနေနဲ့ မိမိရဲ့ရင်သားကို ပြုပြင်လိုက်ပြီးပါက မည်သို့မည်ပုံဖြစ်လာမည်ကို မပြုပြင်မီကတည်းက အကြိုကြည့်ရှုနိုင်တဲ့ နည်းပညာတစ်ရပ်ကို လန်ဒန်ရှိ ရင်သားအလှပြင်ဆေးခန်းကြီးတစ်ခုမှ မိတ်ဆက်ပေးလိုက်ပါတယ်။

ယခင်က အမျိုးသမီးများ ရင်သားပြုပြင်ပြီးနောက် မိမိမျှော်လင့်ထားသလို မဖြစ်ခဲ့တဲ့အတွက် ဆရာဝန်နဲ့ လူနာတွေကြားမှာ အငြင်းပွားမှုတွေ များစွာရှိခဲ့ပါတယ်။
ယခုတော့ လေးဘက်မြင် 4D နည်းပညာအသုံးပြုထားတဲ့ ဆော့ဝဲလ်နဲ့ ရင်သားကို ပြုပြင်ပြီးနောက် ဘယ်လိုပုံစံဖြစ်သွားမယ်ဆိုတာကို ကိုယ်တစ်ဝက်ပေါ်တဲ့ မော်နီတာစခရင်မှာ တစ်ကယ့်အစစ်အလား တိုက်ရိုက်ကြည့်ရှုနိုင်ပါပြီ။

မော်နီတာရှေ့မှာ မိမိရဲ့ လှုပ်ရှားမှုအတိုင်း ရင်သားရဲ့ ရှုထောင့်အစုံစုံကို မြင်တွေ့ကြရမှာ ဖြစ်လို့ ခွဲစိတ်ပြုပြင်လိုသူတွေအတွက် မိမိနဲ့လိုက်ဖက်မှုရှိ၊ မရှိ၊ အရွယ်အစားကအစ မခွဲစိတ်မီ ဆရာဝန်နဲ့ ကြိုတင်ညှိနှိုင်း ဆောင်ရွက်နိုင်ပြီဖြစ်ပါတယ်။

London Bridge Plastic Surgery နဲ့ Aesthetic Clinic တို့က ယူကေမှာ ဒီနည်းပညာကို ပထမဦးဆုံး မိတ်ဆက်ပေးနိုင်တဲ့ ဆေးခန်းကြီးတွေဖြစ်ပါတယ်။ အဆိုပါနည်ဟာ ဆွစ်ဇာလန်ပညာရှင်များအဖွဲ့ Crisalix က တီထွင်ဖန်တီးထားတာဖြစ်ပါတယ်။
သည်နည်းပညာကြောင့် ဆရာဝန်တွေနဲ့ လူနာတွေကြားမှာ ငြင်းခုန်မှုတွေ လျော့ပါးသွားပြီး နှစ်ဦးနှစ်ဖက်စလုံး စိတ်ကျနပ်မှုရှိစေပါတယ်လို့ ဒေါက်တာ Inglefield က ဆိုပါတယ်။

လူနာတွေအတွက် ယခုလို ကြိုတင်စမ်းသပ်ကြည့်ရှုခ အနေနဲ့ အခမဲ့ဖြစ်ပါတယ်လို့ စတာလင်ပေါင် ၂၀,၀၀၀ ဝန်းကျင်နဲ့ သည်နည်းပညာကို ရယူထားတဲ့ London Bridge Plastic Surgery က ဆိုပါတယ်။
အနာဂတ်မှာ ရင်သားပြုပြင်လိုသူတွေ အလုံးစုံ စိတ်တိုင်းကျမှု ပြီးပြည့်စုံဖို့ အတော်လေး နီးကပ်လာနေပြီဖြစ်ပါတယ်။
comment