1. Home
  2. Boxing

“ကုလားကားလို အရှည်ကြီး ထိုးပေးမယ်”ဟု သတင်းစာရှင်းလင်းစဉ် အောင်လအန်ဆန်း ပြောကြား

Boxing มิ.ย. 27, 2561 view 1,886

ဇွန်လ ၂၇ ရက်(ဗုဒ္ဓဟူးနေ့) ရန်ကုန်မြို့၊ ဆူးလေဘုရားလမ်းမှာရှိတဲ့ Pullman Yangon Centerpoint ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ONE Championship သတင်းစာရှင်းလင်းပွဲအခမ်းအနားမှာ စာနယ်ဇင်းဆရာများက မေးမြန်းစဉ် “အခုပွဲကို ကုလားကားလို အရှည်ကြီး ပျော်ပျော်ထိုးပေးမယ်” ဟု အောင်လအန်ဆန်းက ဥပမာတင်စားပြီး ပြောကြားခဲ့ပါတယ်။

လာမည့် သောကြာ ဇွန်လ (၂၉)ရက်နေ့ သူဝဏ္ဏအားကစားရုံမှာ ယှဉ်ပြိုင်ထိုးသတ်ကြမယ့် “Spirit Of A Warrior” ပွဲကြီးမှာ ပါဝင်မယ့် အားကစားသမားများနဲ့ မိတ်ဆက်ပြီး သတင်းစာရှင်းလင်းခဲ့တာဖြစ်ပါတယ်။

အဓိကပွဲစဉ်အဖြစ် ONE Championship Middle Weight တန်း ကမ္ဘာ့ချံပီယံ “အောင်လအန်ဆန်း” နဲ့ ဂျပန်နိုင်ငံက နံပါတ် ၁ ထိပ်တန်းကစားသမား “ကန်ဟက်ဆီဂါဝါ” တို့ ယှဉ်ပြိုင်ထိုးသတ်ရမှာ ဖြစ်ပြီး အောင်လအန်ဆန်းရဲ့ ချံပီယံခါးပတ်ကာကွယ်ပွဲလည်းဖြစ်ပါတယ်။

အခမ်းနားမှာ ONE Championship ရဲ့ မိုဘိုင်းအပလီကေးရှင်းဖြစ်တဲ့ “ONE Super App” နဲ့ အိတ်ဆက်ပေးခဲ့ပါတယ်။ အဆိုပါ အပလီကေးရှင်းကို အသုံးပြုပြီး မည်သည့်အရပ်ဒေသကမဆို ONE Championship ပြိုင်ပွဲတိုင်းကို အခမဲ့တိုက်ရိုက်ကြည့်ရှုနိုင်ပါတယ်။

မိတ်ဆက်ပွဲမှာ ဂျပန်နိုင်ငံရဲ့ နံပါတ် (၁) ကစားသမား “ကန်ဟက်ဆီဂါဝါ” က မြန်မာနိုင်ငံမှာ လာရောက်ယှဉ်ပြိုင်ခွင့်ရလို့ ဝမ်းမြောက်ကြောင်း၊ ပွဲနီးချိန်မှ အသိပေးရွေးချယ်ခေါ်ယူခဲ့သဖြင့် လေ့ကျင့်ချိန် ၅ ပတ်ခန့်သာ အချိန်ရခဲ့ပေမယ့် အောင်လအန်ဆန်းကို အနိုင်ယူနိုင်မယ်လို့ ယုံကြည်ချက် ၁၀၀% ရှိကြောင်း ပြောဆိုခဲ့ပါတယ်။

“အောင်လအန်ဆန်း” က သူအနေနဲ့ ပြိုင်ဘက်က မည်သူပင်ဖြစ်နေပါစေ လေ့ကျင့်ပြင်ဆင်မှုကို မလျော့ပဲ ၉ ပတ်တာ ကောင်းကောင်း လေ့ကျင့်ထားတာကြောင့် ဒီပွဲကို မြန်မာနိုင်ငံအတွက် ထပ်မံဂုဏ်ဆောင်ပေးဦးမယ်လို့ ကတိပြုခဲ့ပါတယ်။

“ကန်ဟက်ဆီဂါဝါ” ဟာ ယခင်က ONE Championship က မဟုတ်ခဲ့ပဲ လက်ရှိ ONE Championship ရဲ့ ချံပီယံ အောင်လအန်ဆန်း ကို တန်းပြီးစိန်ခေါ်ထိုးဖို့ အခွင့်အရေးရခဲ့တဲ့အပေါ် ဘယ်လို ရွေးချယ်ဖြစ်ခဲ့လဲ ဆိုတဲ့ မေးခွန်းအပေါ် အောင်လအန်ဆန်း က “ကန်ဟက်ဆီဂါဝါ” ဟာ ONE Championship မှာ အခုမှ ပထမဦးဆုံး ဝင်ပြိုင်သူဖြစ်ပေမယ့် ကစားပွဲ ၁၈ ပွဲမှာ ၁၆ ပွဲအနိုင်ယူထားတဲ့ မစ်ဒယ်လ်ဝိတ်တန်း နံပါတ် ၁ ကစားသမားဖြစ်လို့ လျော့တွက်၍ မရကြောင်း၊ သူ့အတွက် အကောင်းဆုံး ပြိုင်ဖက်တစ်ဦးဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့ပါတယ်။

“အောင်လအန်ဆန်း” ရော “ကန်ဟက်ဆီဂါဝါ” နှစ်ဦးစလုံးဟာ ဂျူဂျစ်ဆုသမားများ ဖြစ်တာကြောင့် ဂျပန်တွေရဲ့ အရှုံးမပေးတတ်တဲ့စိတ်ဓာတ် မြန်မာတို့ရဲ့ အနိုင်မခံရဲရင့် ပြတ်သားတဲ့ စိတ်ဓါတ်တို့ကို ဒီပွဲမှာ တွေ့ရမှာဖြစ်ကြောင်း ပရိသတ်အားလုံး ပျော်အောင် ကုလားကားလို အရှည်ကြီး ထိုးပေးမယ်လို့ အောင်လက နမူနာသဘောနဲ့ ကျီစယ်ပြောကြားခဲ့တာကြောင့် တက်ရောက်လာသူအားလုံး သောသော ပွဲကျသွားခဲ့ပါတယ်။

အဲဒီနောက် ပြိုင်ပွဲမှာ ယှဉ်ပြိုင်ကြမယ့် တွဲဆိုင်းများ အလိုက် မိတ်ဆက်ပေးကာ အခမ်းအနား အောင်မြင်စွာ ပြီးဆုံးခဲ့ပါတယ်။

ဇွန်လ(၂၉) ရက်နေ့ Spirit Of A Warrior ပွဲကြီးအတွက် လက်မှတ်များကို “My AsiaTicket” လက်မှတ်အရောင်းဌါန တစ်ခုထဲမှာသာ ရောင်းချပေးနေပြီး နေရာကောင်းများ ရနိုင်ဖို့ အောက်ပါလိပ်စာကိုသာ လှမ်းခဲ့ပါ။

My AsiaTicket Myanmar
အခန်း(၇၀၃)၊ ရွှေသံလွင်ကွန်ဒို၊ အေးရိပ်သာ (၁)လမ်း၊ တက္ကသိုလ်ရိပ်သာလမ်းသစ်၊ ဗဟန်းမြို့နယ်။
ဖုန်း - ၀၁ ၅၄၉ ၂၉၇
 



Follow us on