1. Home
  2. Special or Others

ကစားကွင်းထဲက လေမွေ့ယာပေါက်ကွဲပြီး ၃ နှစ်သမီးလေးသေဆုံး

Special or Others ก.ค. 05, 2561 view 1,701

အသက် ၃ နှစ်အရွယ် ကလေးမလေးတစ်ဦးဟာ ကမ်းခြေမှာရှိတဲ့ ပျော့ပျော့အိအိကစားကွင်းထဲက တက်ခုန်လိုက်ရင် အပေါ်မြောက်တက်သွားတဲ့ စပရိန်လေမွေ့ယာပေါ်မှာ ခုန်ကစားနေချိန် လေမွေ့ယာ ပေါက်ကွဲခဲ့တာကြောင့် ပေ ၂၀ အမြင့်ကနေ ပြုတ်ကျပြီး သေဆုံးခဲ့ပါတယ်။

အင်္ဂလန်နိုင်ငံ Suffolk မြို့က Ava-May ဆိုတဲ့ အသက် ၃ နှစ်သမီးလေးဟာ မိခင်ဖြစ်သူ Chloe Littleboy ၂၅ နှစ်တို့နဲ့အတူ Norfolk မြို့က ကမ်းခြေကို အပမ်းဖြေ ဇူလိုင်လ ၁ ရက်နေ့က အလည်လာစဉ် အခုလိုအဖြစ်မျိုးနဲ့ ကြုံခဲ့ရတာဖြစ်ပါတယ်။

Ava-May ဟာ လေထိုးမွေ့ယာပေါ်မှာ တက်ခုန်ကစားနေစဉ် အမြင့်ပေ ၂၀ လောက် ခုန်တက်သွားတဲ့အချိန်မှာ အောက်က မွေ့ယာက ရုတ်တရက် ပေါက်ကွဲသွားပြီး မိခင်ဖြစ်သူရဲ့ မျက်စိရှေ့မှောက်မှာတင် မြေပြင်ပေါ် ပြုတ်ကျခဲ့တာဖြစ်ပါတယ်။

ကမ်းခြေက အသက်ကယ်အဖွဲ့နဲ့ ဆေးအဖွဲ့တွေက ကူညီပြီးဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်၊ ဆေးရုံရောက်ပြီး သိပ်မကြာခင်မှာ ကလေးဟာ သေဆုံးသွားခဲ့ပါတယ်။

ဖြစ်စဉ်နဲ့ ပက်သက်ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ လေမွေ့ယာမှာ စုတ်ပြဲနေတာတွေတွေ့ရှိရပြီး သဲသောင်ပြင်မှာ အပူဒဏ်ကြောင့် ဖိအားကို မခံနိုင်တော့ပဲ ပေါက်ကွဲသွားခဲ့တယ်လို့ သိရှိရပါတယ်။

မိခင်ဖြစ်သူက သမီးကို ပျော်စေချင်တာကြောင့် ၅ မိနစ်စာ တက်ခုန်ဖို့ စတာလင်ပေါင် ၂ ပေါင်ပေးပြီး ကစားစေခဲ့ပေမယ့် အဲဒီ ၅ မိနစ်ဟာ ကလေးရဲ့ ကံကြမ္မာကို အဆုံးအဖြတ်ပေးခဲ့ပါတယ်။

Ava-May ရဲ့ မိသားစုက သူ့အတွက် အမှတ်တရအဖြစ် သူတို့မြို့လေးမှာ ကလေးတွေအတွက် ခုံတန်းလျားလေးတွေ ဆောက်လုပ်ဖို့ အလှူခံတဲ့ ဝဘ်ဆိုက် justgiving.com မှာ တင်ထားပါတယ်။
သက်ဆိုင်ရာတွေကလည်း အနီးနားမှာရှိတဲ့ အလားတူ လေမွေ့ယာတွေ လုံခြုံရေးကောင်း မကောင်း အရေးပေါ် စစ်ဆေးမှုတွေ ပြုလုပ်နေကြပါပြီ။

ဒါကြောင့် ကလေးမိဘတွေအနေနဲ့ ပျော့ပျော့အိအိကစားကွင်းထဲက လေမွေ့ယာတွေပေါ်မှာ ကလေးတွေ ကစားမယ်ဆိုရင် သတိရှိကြဖို့လိုပါတယ်နော်..။
 



Follow us on