အင်တာနက်ဘရောက်ဇာ Google Chrome ရဲ့ နာမည်ကြီးလူကြိုက်များ Add-On တစ်ခုဖြစ်တဲ့ ‘Stylish’ က မိမိရဲ့လုပ်ဆောင်ချက်များ အားလုံးကို မပြတ်စောင့်ကြည့်ပြီး နောက်ကွယ်ကနေ အချက်လက်များ စုဆောင်းရယူနေကြောင်း ဆော့ဖ်ဝဲပညာရှင်များက သတိပေးလိုက်သည်။
‘Stylish’ add-on သည် ဘရောက်ဇာ၏ အရောင်များ ဒီဇိုင်းများကို စိတ်ကြိုက်ပြုပြင် ချယ်သနိုင်သဖြင့် သုံးစွဲသူတိုင်း အကြိုက်တွေ့နေသော add-on တစ်ခုလည်းဖြစ်ပါတယ်။ ‘Stylish’ ဟာ Google Chrome မှာသာမက Mozilla Fire Fox အတွက်လည်း add-on ထုတ်ပေးထားပါတယ်။
အဆိုပါ ‘Stylish’ add-on ကို တောက်လျောက် သုံးစွဲနေခဲ့တဲ့ ဆန်ဖရန်ဆစ်စကိုက ဆော့ဖ်ဝဲအင်ဂျင်နီယာဖြစ်သူ Robert Theaton ဟာ ဒီလိုနောက်ကွယ်က မှတ်တမ်းတွေ ရယူနေတယ်ဆိုတာကို အမှတ်မထင်တွေ့ရှိခဲ့ပါတယ်။
ပြန်လည်စစ်ဆေးခဲ့ရာမှာ ၂၀၁၇ ခုနှစ် ဇန်နဝါရီလထဲကစပြီး သူအသုံးပြုခဲ့သမျှ ဝဘ်ဆိုက်နဲ့ အချက်အလက်များကို Stylish က မှတ်တမ်းတင် သိမ်းယူနေကြောင်းတွေ့ခဲ့တာပါ။
လက်ရှိမှာ ‘Stylist’ add-on ကို အသုံးပြုနေသူ ၁.၈ သန်းကျော်ခန့်ရှိပြီး အဆိုပါ Add-on ကို လုံခြုံရေးအရ ဆက်လက်၍ သုံးစွဲခြင်းမပြုသင့်ကြောင်း တိုက်တွန်းထားပါတယ်။ ‘Stylish’ ကို ၂၀၁၇ ခုနှစ်မှာ SimilarWeb က ပိုင်ဆိုင်ခဲ့ပြီးနောက်ပိုင်း အားလုံးကို မှတ်တမ်းအဖြစ် သိမ်းဆည်းနေခဲ့ခြင်းဖြစ်သည်။
အသုံးပြုခဲ့သမျှ ဘရောက်ဇာသမိုင်းကြောင်းများဟာ အသုံးပြုသူရဲ့ ကိုယ်ရေးအချက်လက်များနဲ့ ချိပ်ဆက်ပြီး သိမ်းနေတဲ့အတွက် တစ်ကယ့်လက်တွေ့မှာ ဟက်ကာတွေ၊ ခြိမ်းခြောက်ငွေညှစ်မယ့်သူတွေအတွက် အသုံးချစရာတစ်ခု ဖြစ်လာနိုင်တယ်လို့လည်း သတိပေးထားပါတယ်။
Stylish ဟာ အချက်အလက်တွေကို သုံးစွဲသူ တစ်ယောက်ချင်းစီအလိုက် သေသေချာချာချိပ်ဆက်ပြီး ဆာဗာကို ပြန်ပေးပို့ သိမ်းနေတယ်လို့ဆိုပါတယ်။ Google ဘရောက်ဇာထဲမှာ ကိုယ်ရှာခဲ့သမျှအရာတွေကအစ သိမ်းဆည်းနေတာဖြစ်လို့ လုံခြုံရေးအရ ဆက်မသုံးသင့်တော့ကြောင်း သိရှိရသည်။