သီဟတင်စိုးအမှုကို ကျေအေးပေးရန်မရှိကြောင်း စွပ်စွဲသူ အမျိုးသမီး ပြော
------ ------ ------ ----- -----
ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီသီဟတင်စိုးအပေါ် မုဒိမ်းမှုဖြင့် စွဲဆိုထားသည့်အမှုကို ကျေအေးပေးရန်မရှိကြောင်း စွပ်စွဲသူအမျိုးသမီး ဒေါ်ခင်မာမြင့်က ဇူလိုင် ၁၆ ရက်တွင် ပြောသည်။
သီဟတင်စိုးသည် ၄င်း၏ နေအိမ်တွင် ဒေါ်ဇင်မာဦး၏ မိခင်အတွက် ကျန်းမာရေးပြုစုစောင့်ရှောက်ရန် အိမ်အကူလုပ်ကိုင်နေသည့် အမျိုးသမီးကို အဓမ္မပြုကျင့်ခဲ့သည်ဟုဆိုကာ ပ/၃၈၆/၂၀၁၈ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ခံထားရသည်။
“အလုပ်လုပ်တာက အဘွားကိုပြုစုဖို့ပဲ။ အလုပ်ဝင်တာ (ဇူလိုင်) ၅ ရက်နေ့ကပါ။ အဲဒီနေ့က သီဟတင်စိုးက မူးပြီးတော့ အခန်းထဲဝင်လာတယ်။ ၀င်လာပြီး ကျင့်တယ်။ သူ့မိန်းမကို မပြောနဲ့လို့ ခြိမ်းခြောက်တယ်။ သူတို့က မဟုတ်ဘူးလို့ပြောပေမယ့် ကျွန်မခံရတာ ကျွန်မပဲသိတယ်။ သူတို့ဘက်က ညှိနှိုင်းတဲ့ကိစ္စက ကျွန်မ မသိဘူး။ အဒေါ်ပဲသိတယ်။ ကျွန်မကတော့ ကျေအေးပေးဖို့မရှိဘူး”ဟု သူမက ပြောသည်။
ဒေါ်ခင်မာမြင့် (အသက် ၄၀) သည် အိမ်ထောင်သည်ဖြစ်ပြီး အဒေါ်ဖြစ်သူ၏ချိတ်ဆက်ပေးမှုဖြင့် ရေနံချောင်းမြို့ မှ ရန်ကုန်သို့ အလုပ်လာရောက်လုပ်ကိုင်နေသည်မှာ ၁ နှစ်ခွဲခန့်ရှိပြီဖြစ်ကြောင်း၊ ယခင် အခြားအိမ်များတွင် လုပ်ကိုင်ခဲ့ဖူးကြောင်း ၎င်းက ပြောသည်။
“ရှေ့မှာ ဒီလိုမျိုးကိစ္စနဲ့ပတ်သက်ပြီး မရိုးမသားလုပ်ခဲ့ဖူးတာမရှိဘူး။ ကျွန်မ အိမ်ထောင်သည်ပါပဲ။ ဒီလိုမျိုးတော့ တခါမှမကြုံဖူးဘူး။ မကြုံဖူးတော့ ကြောက်တယ်။ သူလည်း မင်းသားပဲ။ သူ့မိန်းမရှိတာပဲ။ ကျွန်မ အိပ်ဖော်လုပ်ပေမယ့် အထင်သေးမခံနိုင်ဘူး။ ကျွန်မ အလုပ်လုပ်ဖို့လာတာ။ စော်ကားခံဖို့မဟုတ်ဘူး”ဟု သူမက ပြောသည်။
အမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာမှ ၄င်း၏ နေအိမ်သို့ ဇူလိုင် ၁၅ ရက်တွင် သွားရောက်စစ်ဆေးရာ နေအိမ်၌မရှိသည့်အတွက် မိသားစုဝင်များကို မှာကြားထားပြီး ရဲလုပ်ငန်းအရ ဆက်လက်ဆောင်ရွက်နေကြောင်း ရဲအုပ်သန်းနိုင်ကပြောသည်။
crd - new watch