1. Home
  2. Special or Others

ဂီတပညာနဲ့ ပြောနေတာကို ပရိသတ်က သဘောမပေါက်ဘူးလို့ တုံ့ပြန်လိုက်တဲ့ မြန်မာပြည်သိန်းတန်

Special or Others ก.ค. 20, 2561 view 1,802

Myanmar Idol Season 3 Top 6 ရဲ့ ယှဉ်ပြိုင်မှု LIVE Show ညမှာ မြန်မာပြည်သိန်းတန် က ဒိုင်လူကြီးမင်းတစ်ဦးအနေနဲ့ ပြိုင်ပွဲဝင်တွေအပေါ် အားမရမှုတွေကြောင့် ဆက်တိုက် ဝေဖန်ခဲ့တဲ့အပေါ်  ပရိသတ်တွေရဲ့ တုံ့ပြန်မှုက ပွဲဆူစေခဲ့ပါတယ်။

ယခုတစ်ပတ်မှာ Top 5 ယှဉ်ပြိုင်ရမှာ ဖြစ်ပေမယ့် ယခင်တစ်ပတ်က ပြိုင်ပွဲဝင် “နေခန့်မင်းသစ်” ကို ဒိုင်တွေက သူတို့ရရှိထားတဲ့ Save လုပ်ခွင့် တစ်ကြိမ်ကို ထုတ်သုံးခဲ့တာကြောင့် ပြီးခဲ့တဲ့အပတ်က ဘယ်သူမှ အိမ်မပြန်ခဲ့ရပဲ ၆ ယောက်စလုံး ထပ်မံယှဉ်ပြိုင်ခဲ့ရပြန်တာဖြစ်ပါတယ်။

မနေ့ညက “နေခန့်မင်းသစ်” ကစလို့ ၅ ယောက်မြောက် “ဇော်ကြီး” အထိ ပြိုင်ပွဲဝင်တွေရဲ့ ယှဉ်ပြိုင်မှုအပေါ်  မြန်မာပြည်ဦးသိန်းတန် က ကျေနပ်အားရခဲ့ပုံ မရပါဘူး။ အဲဒီအတွက် အားပေးစကားတောင် ဖေးမပြီးမပြောနိုင်ပဲ ပြိုင်သွားတဲ့ သီချင်းအပေါ်  “ဒီသီချင်းက ပြန်ရွေးရတာလား..? ၊ မဲပေါက်တဲ့ သီချင်းကိုပဲ ဆိုတာလား..? ၊ သီချင်းဘယ်နှစ်ကြိမ် ပြောင်းရသလဲ..?” စတဲ့ မေးခွန်းတွေကို ပြိုင်ပွဲဝင်တိုင်းကို အဖန်တလဲလဲ မေးမြန်းခဲ့ပါတယ်။

ဒီလိုမေးမြန်ခဲ့တဲ့အတွက် ပြိုင်ပွဲဝင်တွေအနေနဲ့ အဖြေခက်ခဲ့ပြီး သူလိုချင်တဲ့ အဖြေကိုလည်း အတိကျမရခဲ့ပါဘူး။ အဓိကတော့ ပြိုင်ပွဲဝင်သီချင်း ရွေးချယ်ရတဲ့ ပုံစံကို ဦးသိန်းတန် သေချာ ရေရေလည် မသိခဲ့တာဖြစ်ပါတယ်။

ချမ်းမြေ့မောင်ချိုရဲ့ ယှဉ်ပြိုင်မှုအပြီးမှာလည်း ထပ်မံမေးမြန်းခဲ့တာကြောင့် အစီစဉ်တင်ဆက်သူ ကျော်ထက်အောင် က ရှင်းပြခဲ့ရပါတယ်။ သေချာတာကတော့ ဦးသိန်းတန်တစ်ယောက် ပြိုင်ပွဲဝင်တိုင်းကို စိတ်ပျက်လက်ပျက် ကွန်မန့်တွေပဲ ပေးနေခဲ့ပါတယ်။ အဲဒါကြောင့် ပရိသတ်က သူစကားပြောတော့မယ် လုပ်တိုင်း နောက်ကနေ “ဘူး.. ဘူး..” နဲ့ ညာသံပေး ဆူညံခဲ့ရပါတယ်။

ဒီလိုဆူညံမှုက LIVE Show ခန်းမကြီးထဲမှာတင်မဟုတ်ပဲ အွန်လိုင်းပေါ်မှာပါ ဝေဖန်ဆူညံခဲ့ကြတာဖြစ်ပါတယ်။ သဘာရင့်ဝါရင် အနုပညာရှင်ကြီး တစ်ဦးဖြစ်တာနဲ့အညီ ဦးသိန်းတန်က အခုလို TOP 6 အဆင့်မှာ ပြိုင်ပွဲဝင်တွေအပေါ် အများကြီး မျှော်လင့်ထားပုံရပါတယ်။

ပြိုင်ပွဲဝင် “ငွေစင်လှိုင်း” ရဲ့ အလှည့်မှာတော့ နောက်ကနေ “ဘူး..” လိုက်အော်နေတဲ့ ပရိသတ်ကို “ဂီတပညာနဲ့ အန်ကယ်ပြောနေတာကို ပရိသတ်က သဘောမပေါက်ဘူး” လို့ ခပ်ပြုံးပြုံးလေး တုံ့ပြန်ခဲ့ပါတယ်။

ဒါပေမယ့် နောက်ဆုံးမှာတော့ သူ့ရဲ့ မျှော်လင့်ချက် ပြည့်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ “ဖြိုးမြတ်အောင်” ရဲ့ နောက်ဆုံး သီဆိုယှဉ်ပြိုင်မှုအပြီးမှာတော့ သူ့ရဲ့မျက်နှာဟာ လင်းလက်တောက်ပလာတာနဲ့ အညီ ဖြိုးမြတ်အောင် ကို ချီးမွမ်းခန်းဖွင့်ပြီး သူရဿတီမယ်တော် စောင့်ရှောက်နေတယ်လို့ ပြောခဲ့တဲ့အတွက် ကျော်ထက်အောင် စတိတ်စင်ပေါ်မှာ လိုက်ရှာကြည့်ခဲ့ပါတယ်။

Myanmar Idol Season 3 တစ်လျှောက်လုံးမှာ ဦးသိန်းတန် သဘောကျခဲ့သူ နှစ်ဦး ရှိခဲ့တာကို သတိထားမိခဲ့ပါတယ်။ ပထမတစ်ယောက်ကတော့ “မင်းရဲ့အသံက အာရောဂျံပရမံလာဘံ” လို့ တင်စားခဲ့တဲ့ “ပြည့်ဖြိုး” နဲ့ “TheKing၊ ဘိုးရင်း 777၊ ပတ္တမြား” စသည်တို့နဲ့ တင်စားခဲ့ပါတယ်။

ပြည့်ဖြိုးကတော့ ပြိုင်ပွဲက နှုတ်ဆက် ထွက်ခွာခဲ့ရပြီဖြစ်လို့ “ဖြိုးမြတ်အောင်” ကတော့ သူ့ရဲ့ မျှော်လင့်ချက်ထားတဲ့ ပြိုင်ပွဲဝင်လည်း ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။ မည်သို့ပင်ဖြစ်စေ ပရိသတ်မဲရလာဒ်နဲ့ အဆုံးဖြတ်ပေးနေတဲ့ အချိန်မှာ ပြိုင်ပွဲဝင်တိုင်းက အတတ်နိုင်ဆုံး အစွမ်းကုန် ကြိုးစားခဲ့ကြလို့ ဒိုင်လူကြီးမင်းတွေရဲ့ အသိမှတ်ပြုတဲ့ အပြုသဘောခွန်အား ဖြစ်စေတဲ့ ကွန်မန့်ကိုပဲ မျှော်လင့်မိကြမှာ အမှန်ပါပဲ...။

ဒါပေမယ့် ဒီတစ်ပတ် ROCK week မှာ “သီချင်းကို မကြေညက်သလိုဖြစ်နေတယ်၊ Rock နဲ့မလိုက်ဘူး၊ အေး ဒီနေ့တော့ ဘယ်လိုဖြစ်နေတယ် မသိဘူး အန်ကယ့်ရင်ထဲမရောက်ဘူး၊ စင်ပေါ်မှာ ခဏလေးကောင်းပုံလေးနဲ့ အန်ကယ် ကောင်းတယ်လို့ မဆုံးဖြတ်နိုင်ဘူး” စတဲ့ စကားတွေက ပရိသတ်တွေကို ပွဲဆူစေခဲ့တာဖြစ်ပါတယ်။


ဒီနေ့ညမှာတော့ ပြိုင်ပွဲဝင် ၆ ဦးထဲက ၂ ဦး နှုတ်ထွက်ရမှာ ဖြစ်ပြီး ဘယ်သူတွေက နှုတ်ဆက်ထွက်ခွားဦးမလဲဆိုတာ MNTV channel ကနေ ည ၉ နာရီမှာ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

 



Follow us on