သဘာဝရှုမျှော်ခင်းတွေကို နှစ်သက်တတ်သူတွေအနေနဲ့ တရုပ်နိုင်ငံကို အလည်အပတ်ရောက်ခဲ့ရင်တော့ ကမ္ဘာ့အမြင့်ဆုံး ဓါတ်လှေကားရှိရာ “ကျောင်းကျားကျဲ (Zhangjiajie)”ဒေသကို မဖြစ်မနေ သွားရောက် လည်ပတ်သင့်ပါတယ်။
ပတ်ချာလည်မှန်တွေ တပ်ဆင်ထားတဲ့ ဓါတ်လှေကားဟာ ချောက်ကမ်းပါးကြီးရဲ့ အပြင်ဖက်မှာ တည်ဆောက်ထားတာဖြစ်ပြီး အသက်ရှုဖို့မေ့သွားလောက်အောင် လှပတဲ့ ရှုမျှော်ခင်းတွေနဲ့အတူ မှန်လှောင်အိမ် ဓါတ်လှေကားထဲမှာ လိုက်စီးရတာ ရင်ခုန်စရာကောင်ပါတယ်။
ဓါတ်လှေကားကြီးရဲ့ အမည်ဟာ “နဂါးတစ်ရာ” လို့အဓိပ္ပါယ်ရပြီး “ဝူလင်းရန်” ဒေသက ချောက်ကမ်းပါးကြီး တစ်ခုမှာ တည်ဆောက်ထားတာဖြစ်ပါတယ်။ ဓါတ်လှေကားရဲ့ အမြင့်ဟာ ပေပေါင်း ၁,၀၇၀ မြင့်ပါတယ်၊ ဒါဟာ ပြင်သစ်နိုင်ငံ ပဲရစ်မြို့က အီဖယ်လ်တာဝါ (၉၈၄ ပေ) ထက်ပိုပြီးမြင့်ပါတယ်။
နဂါးတစ်ရာဓါတ်လှေကားကို ၁၉၉၉ ခုနှစ်က စတင်တည်ဆောက်ခဲ့ပြီး ၂၀၀၂ ခုနှစ်မှာ အပြီးသတ်နိုင်ခဲ့ပါတယ်။ ကုန်ကျငွေ တရုပ်ယွမ် သန်း ၁၂၀ (အမေရိကန်ဒေါ်လာ ၁၇ သန်း) ခန့် ကုန်ကျခဲ့ပါတယ်။
နိုင်ငံခြားခရီးသွားတွေကို ဆွဲဆောင်နိုင်ပြီး ဟင်းလင်းပြင်ထဲမှာ တည်ဆောက်ထားတဲ့ ကမ္ဘာ့အမြင့်ဆုံး ဓါတ်လှေကားဖြစ်ပါတယ်။ ဒါပေမယ့် ကမ္ဘာ့ဂင်းနစ် မှတ်တမ်းစာအုပ်မှာတော့ ၂၀၁၅ ခုနှစ်က ‘အသိအမှတ်ပြုပါကြောင်း’ စီးတံဆိပ်သာ ရရှိခဲ့ပါတယ်။
နဂါးတစ်ရာဓါတ်လှေကားမှာ မှန်သားဓါတ်လှေကား ၃ စင်း အပြိုင်တည်ဆောက်ထားပါတယ်။ ဓါတ်လှေကားစီးချိန်က တစ်မိနစ်ခန့်သာ ကြာမြင့်ပြီး စိမ်းလန်းလှပတဲ့ သဘာဝတောတောင် ရေမြေတို့ကို ဓါတ်လှေကားထဲကနေ တစ်ဝကြီးမြင်တွေ့ခံစားကြရမှာဖြစ်လို့ ဒီနှစ်ထဲမှာ ခရီးထွက်ဖို့အစီစဉ်ရှိသူတွေအနေနဲ့ “နဂါးတစ်ရာဓါတ်လှေကား” ရှိရာ “ကျောင်းကျားကျဲ” ကို သွားရောက်လည်ပတ်ကြဖို့ တိုက်တွန်းပါရစေ။