1. Home
  2. Movie Stars - Celebrity

Mission Impossible ရုပ်ရှင်ဖြင့် ဟောလိဝုဒ်မှာ ထိပ်တန်းနေရာပြန်ရောက်လာတဲ့ တွမ်ခရုစ်

Movie Stars - Celebrity ก.ค. 31, 2561 view 2,254

Mission Impossible : Fallout ရုပ်ရှင်ဇာတ်ကားနဲ့ တွမ်ခရုစ် ဟာ ဟောလိဝုဒ်ရုပ်ရှင်လောကမှာ ဘုရင်တစ်ဆူ ပြန်ဖြစ်လာခဲ့ပြန်ပါပြီ။ ဒီရုပ်ရှင်ဇာတ်ကားကို ရုံစတင်တင်ခြင်း ပထမအပတ်မှာတင် မြောက်အမေရိကား တစ်နိုင်ငံထဲမှာ အမေရိကန်ဒေါ်လာ ၆၁.၅ သန်း ဝင်ငွေရရှိခဲ့ပါတယ်။

အက်ရှင်ဇာတ်ကြမ်း ရုပ်ရှင်ကားအမျိုးအစားဖြစ်ပြီး ဒီဇာတ်ကားကို အခြားနိုင်ငံတွေမှာ ပြသမှုဝင်ငွေက ဒေါ်လာ ၉၂ သန်းရရှိနေပြီဖြစ်ပြီး တစ်မ္ဘာလုံးအတိုင်းအတာနဲ့ဆိုရင် စုစုပေါင်း ဒေါ်လာ ၁၅၃.၅ သန်းရရှိထားပြီးဖြစ်ပါတယ်။

၂၀၀၀ ခုနှစ်က ထုတ်လုပ်ပြသခဲ့တဲ့ Mission Impossible II တုန်းကလည်း ပထမအပတ်ရုံတင် ဝင်ငွေက ဒေါ်လာ ၅၇.၈ သန်းရှိခဲ့ပြီး မြောက်အမေရိကား တစ်နိုင်ငံထဲမှာ ၂၁၅.၄ သန်းနဲ့ တစ်ကမ္ဘာလုံးဝင်ငွေ ၅၄၆.၃ သန်း ရရှိခဲ့ပါတယ်။

Mission Impossible : Fallout ရုပ်ရှင်ဇာတ်ကားဟာ လက်ရှိရုံတင်ပြသနေတဲ့ အကောင်းဆုံးဇာတ်ကား ၆ ကားထဲမှာ ပါဝင်ပြီး ရုပ်ရှင်အကြောင်းတွေ ဖော်ပြရေးသားနေတဲ့ Rotten Tomatoes မှာ ၉၈ ရာခိုင်နှုန်းက ထောက်ခံထားကြပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့က စတင်ရုံတင်ခဲ့ပြီး တစ်ညထဲမှာပင် ဒေါ်လာ ၆ သန်းဝင်ငွေရခဲ့တာမို့ အသက် ၅၆ နှစ်ရှိပြီဖြစ်တဲ့ မင်းသားကြီး တွမ်ခရုစ်အတွက် ဟောလိဝုဒ်မှာ မှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့ပြန်ပါတယ်။

“တွမ်ခရုစ်ဟာ အချိန်နဲ့အမျှ သူ့ရဲ့အက်ရှင်အရည်အသွေးတွေကို အမြဲသက်သေပြနိုင်တဲ့သူဖြစ်လို့ အားကိုဖို့ကောင်းတဲ့ မင်းသားတစ်လက်ပါပဲ” ဟု ပါရာမောင့် ရုပ်ရှင်ဖြန့်ဖြူးသူ Kyle Davies က ဆိုပါတယ်။

Mission Impossible : Fallout ဇာတ်ကားမှာ လတ်တလောအခြား အက်ရှင်ကားတွေလို ကွန်ပျူတာအထူးပြုလုပ်ချက် အသုံးပြုတာတွေ အတတ်နိုင်ဆုံး လျှော့ချထားပြီး တစ်ကယ့်လူတွေနဲ့ စတန့်လုပ်ကာ ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်လို့လည်း လူကြိုက်များနေရတာဖြစ်ပါတယ်။

ဒီဇာတ်ကားမှာ တွမ်ခရုစ် က ထုံးစံအတိုင်း IMF အဖွဲ့က အီသန်ဟန့်(Ethan Hunt) အဖြစ် သရုပ်ဆောင်ထားပြီး ကမ္ဘာကြီးကို ဘယ်လိုအန္တရာယ်တွေကနေ ကယ်တင်သွားဦးမလဲဆိုတာ သည်းထိတ်ရင်ဖို ကြည့်ရမှာဖြစ်ပါတယ်။
Mission Impossible : Fallout ကို ရန်ကုန်မြို့လည် ရုပ်ရှင်ရုံကြီးတွေမှာလည်း ကြည့်ရှုလို့ရပါပြီ။



Follow us on