1. Home
  2. Movie Stars - Celebrity

အနုပညာခရီးကြမ်းကို ခွန်အားအပြည့်နဲ့ ဆက်လျှောက်နေဆဲ “ဇော်ကြီး”

Movie Stars - Celebrity ส.ค. 03, 2561 view 1,547

အခုချိန်မှာ “ဇော်ကြီး” လို့ ပြောလိုက်တာနဲ့ မြန်မာတစ်နိုင်ငံလုံးက သူ့ကို မသိတဲ့သူမရှိဖြစ်နေပါပြီ။ Myanmar Idol Season 3 ရဲ့ Top 3 Finalist တစ်ယောက်ဖြစ်တဲ့ “ဇော်ကြီး” ဟာ အနုပညာခရီးကြမ်းမှာ ကံဆိုးခြင်း၊ ကံကောင်းခြင်းတွေနဲ့ ဘဝရဲ့ အလှည့်အပြောင်းတွေကို ကြံကြံခံရင်း ဘဝအိမ်မက်ပန်းတိုင်ဆီကို အရောက်သွားနေတဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။

မအူပင်ဇာတိဖြစ်တဲ့ “ဇော်ကြီး” ဟာ ဂီတကိုရူးသွပ်စွာ ဝါသနာပါသူပီပီ အသံသွင်းစတူဒီယိုလေး တစ်ခုမှာပဲ ပညာသင်ဘဝနဲ့ နှစ်မြုတ်ပြီး ဂီတကို လေ့လာဆည်းပူးနေခဲ့သူပါ။ ၂၀၁၇ ခုနှစ်ရဲ့ နှစ်ကုန်ပိုင်းမှာတော့ သူ့ရဲ့အနုပညာကို ချပြဖို့ အဖွင့်အရေးတစ်ခု ကြုံလာခဲ့ပါတယ်။ ဆရာဖြစ်သူနဲ့ အပေါင်းအသင်းတွေရဲ့ တိုက်တွန်းချက်နဲ့အတူ “ဇော်ကြီး” ရန်ကုန်ကို တက်လာခဲ့ပါတယ်။

အဲဒါကတော့ မြန်မာပြည်မှာ ပထမဦးဆုံးရာသီအဖြစ်ကျင်းပတဲ့ The Voice Myanmar Season 1 ပြိုင်ပွဲကြီးဆီကိုပါ။ Audition နေ့မှာ ခွန်အားအပြည့်၊ ယုံကြည်မှုအပြည့်နဲ့ လန်းဆန်းတက်ကြွစွာ စင်မြင့်ပေါ်တက်လာပြီး ကျောပေးထားတဲ့ နည်းပြ ၄ ဦးကို အသံနဲ့ညို့ယူဖို့ ကြိုးစားခဲ့ပါတယ်။

အဲဒီမှာ “ဇော်ကြီး”ကို ပရိသတ်က စတင်သတိထားမိခဲ့ပါတယ်။ အဲဒီတုန်းက သူ့ရဲ့ ပြိုင်ပွဲဝင် နာမည်က “ဇော်ထွန်း” ပါ။ “မမေ့နိုင်ဘူး” ဆိုတဲ့ သီချင်းကို သူစဆိုလိုက်တော့ ဒီသီချင်းက ဘယ်သူဆိုထားတာပါလိမ့်လို့ ဇဝေဇဝါဖြစ်ခဲ့ရတဲ့ထိ မူရင်းအဆိုရှင် ကိုလေးဖြူကိုတောင် မေ့လျော့သွားစေခဲ့ပါတယ်။ ဒီသီချင်းထဲမှာ သူ့ရဲ့အသံပါဝါ အရစ်အဝိုက်တွေကို လှပစွာမြင်တွေ့ခဲ့ရပါတယ်။

သီချင်းကို အရစ်အဝိုက်လေးတွေနဲ့ တန်ဆာဆင်လိုက်တိုင်း နည်းပြအချို့ရဲ့ အသိအမှတ်ပြုတဲ့ ခံစားချက်တွေကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ သေချာပေါက် အနည်းဆုံး နှစ်ယောက်လောက်တော့ လှည့်မှာပဲလို့ ထင်ထားခဲ့ပေမယ့် အဲဒီတုန်းက “ဇော်ထွန်း” တစ်ယောက် ကံမကောင်းခဲ့ပါဘူး။
ပရိသတ်တစ်ယောက်အနေနဲ့ နှမြောလိုက်တာ...။

နည်းပြတွေရဲ့ ကွန်မန့်ကတော့ အဲဒီလိုမျိုးလူတွေ သူတို့မှာ ရှိပြီးသားဖြစ်နေလို့လို့ ပြောခဲ့ပါတယ်။ ပရိသတ်တစ်ယောက်အနေနဲ့ သိပ်တော့လက်မခံချင်ခဲ့ပါဘူး၊ အေးလေး Taste မတူလို့နေမှာလို့ပဲ ဖြေသိမ့်လိုက်ပါတယ်။ ဒီလိုနဲ့ သူ့ရဲ့အရည်အသွေးတွေကို ထပ်မြင်ခွင့်မရခဲ့ပါဘူး။ အဲဒီမှာတင် ပရိသတ်နဲ့ “ဇော်ထွန်း” တစ်ခန်းရပ်သွားခဲ့ပါတယ်။
(ဒီအကြောင်းတွေကို မှတ်မိနေသေးတဲ့ ပရိသတ်တွေ အများကြီးရှိနေမယ်လို့ ယုံကြည်ပါတယ်)

ဒါပေမယ့် အဲဒီလို The Voice Myanmar မှာ အရွေးချယ်မခံလိုက်ရတာက “ဇော်ထွန်း” အတွက် ဒီနေ့ဒီအချိန်မှာ နိုင်ငံသိ အဆိုရှင်တစ်ယောက်ဖြစ်လာဖို့ ဖြစ်တယ်ဆိုတာ အဲဒီတုန်းကတော့ ဘယ်သိနိုင်ခဲ့ပါ့မလဲ။
ခေါင်းငိုက်စိုက်ချပြီး စိတ်တွေက သုညအောက်ရောက်နေချိန် Myanmar Idol Season 3 Audition စတော့မယ်ဆိုတော့ သိရတော့ စိတ်အားတင်းရပြန်ပါတယ်။ (ဒါသူယုံကြည်ရာ မဟုတ်ပါလား)

Myanmar Idol Season 3 Judges Audition မှာ “ဇော်ထွန်း” ကို ပြိုင်ပွဲဝင်အဖြစ် တစ်ခါပြန် တွေ့လိုက်ရတော့ အရမ်းဝမ်းသာမိသွားပါတယ်။ ဒီတစ်ခါ သူနာမည်ပြောင်းလိုက်ပြီ “ဇော်ကြီး” တဲ့..။ “ဇော်ကြီး” ရေ ညီလေး ကံကောင်းပါစေလို့ ဆုတောင်းပေးခဲ့မိပါတယ်။

ပင်ကိုယ်အရည်အသွေး ရှိပြီးသားမို့ သူ့ရဲ့ အသံပါဝါနဲ့ ကာလာကို စိတ်မပူခဲ့မိပါဘူး။ ပြိုင်ပွဲအဆင့်တိုင်းမှာ “ဇော်ကြီး” ကလည်း အားသွန်ခွန်စိုက် ကြိုးစားခဲ့တာကို မြင်တွေ့ရပါတယ်။ မိုးရာသီ သီချင်းများနဲ့ ပြိုင်ရတဲ့အပတ်မှာ “ဇော်ကြီး” တစ်ယောက် ကျန်းမာရေးကြောင့် သွေးအန်တဲ့ အခြေအနေဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် သီချင်းကိုတော့ အတတ်နိုင်ဆုံး အကောင်းဆုံး ယှဉ်ပြိုင်သီဆိုသွားခဲ့ပါတယ်။

ဒါပေမယ့် ပရိသတ်မဲရလာဒ်နဲ့ နှစ်ကြိမ်တိုင်တိုင် Bottom ထိုင်ခဲ့ရပြီးနောက်မှာ “ဇော်ကြီး” တစ်ယောက် Myanmar Idol ကနေ နှုတ်ဆက်ထွက်ခွာခဲ့ရပြန်ပါတယ်။ ဒီတစ်ခါလည်း “ဇော်ကြီး” ကို ကံကြမ္မာက မျက်နှာသာ မပေးပြန်ခဲ့ဖူးလို့ပဲ ယူဆလိုက်ရပါတယ်။
တစ်ကယ်တော့ “ဇော်ကြီး”ဟာ ပြိုင်ပွဲက မထွက်ရခင်ကတည်းက ကံဆိုးတယ်လို့ ပြောရမှာပါ။ သီချင်းတွေကို အကောင်းဆုံးဖြစ်အောင် ဘယ်လိုပဲ ကြိုးစားသီဆိုသီဆို ဒိုင်တစ်ဦးကတော့ “ဟေ့..ဒီမှာ မင်းအဲဒီသီချင်းကို အရင်က ဆိုဖူးလား..၊ ဒီသီချင်းအမျိုးအစားက လွယ်ပါတယ်လေ” စသည်ဖြင့် အသိမှတ်ပြု မခံခဲ့ရပါဘူး။

ဒါပေမယ့် ပရိသတ်အခိုင်အမာရှိပြီးသား “ဇော်ကြီး” တစ်ယောက် ပရိသတ်တွေရဲ့ အားပေးမှုနဲ့အတူ PANTENE Wild card နဲ့ ပြိုင်ပွဲထဲကို တစ်ခါပြန်ရောက်ခဲ့ပြန်ပါတယ်။ ဟိုဒိုင်လူကြီးကတော့ နဲနဲလောက် မျက်နှာပျက်ချင်သွားတယ် ထင်ပါတယ်နော်။
“ဇော်ကြီး” ရဲ့ အနုပညာခရီးကြမ်းက အဲသည်လို... တက်လိုက်၊ ကျလိုက်နဲ့ပါ။

အခုတော့ Top 3 အဆင့်ကိုတောင် အရောက်လှမ်းနိုင်ခဲ့ပြီး နိုင်ငံသိအဆိုရှင်တစ်ဦး ဖြစ်လို့နေပါတယ်။ ဒီနေ့ညမှာတော့ “ဇော်ကြီး” အတွက် အဆုံးအဖြတ်က ဘယ်လိုဖြစ်လာမလဲဆိုတာ ရင်ခုန်စရာကောင်းပါတယ်။

“ဇော်ကြီး” ကို အားပေးကြတယ်ဆိုရင်တော့ ဆဲဗင်းလေးလုံး(7777) ကိုရိုက်နှိပ်ပြီး နံပါတ် 9 တစ်လုံးထဲကိုသာ SMS ပေးပို့ရမှာဖြစ်ပါတယ်။ အော်ရီဒူးဖုန်းတစ်မျိုးဖြင့်သာ သောကြာနေ့ညနေ ၆ နာရီထိ ပေးပို့ရမှာ ဖြစ်ပါတယ်။
(ကျော်ထက်အောင် လေသံဖြင့်ဖတ်ပါရန်)

ကဲ.. အခုကစပြီး Vote ပေးလိုက်ကြရအောင်လားခင်မျာ...။


 



Follow us on