ယနေ့ သြဂုတ်လ ၁၅ ရက်နေ့ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ တာလေမြို့တွင် လူငယ်တစ်ဦး နေအိမ်တွင် ကြိုးဆွဲချ သေဆုံးမှုဖြစ်ပွားပြီး ယခုနှစ်အတွင်း တာလေမြို့တွင် ပထမဆုံး ကြိုးဆွဲချသေဆုံးမှုဖြစ်ကြောင်း သိရသည် ။
“နေ့လယ် (၁၂) နာရီလောက်က သူ့အစ်မက အပြင်ကနေ ပြန်ရောက်တော့ အခန်းထဲမှာ ဘောင်းဘီတိုရေစိုနဲ့ မတ်တပ်ကြီးဖြစ်နေတဲ့ သူ့မောင်ကိုတွေ့တော့ ဘာလို့ မတ်တပ်ကြီးရပ်နေလဲပေါ့။ သူသွားကြည့်တော့မှ ကြိုးဆွဲချသေတာဖြစ်နေတယ်။ ဒါနဲ့ သူ့အမေကိုသွားခေါ် ကြိုးကနေဖြုတ်ပြီး ရှေးဦးသူနာပြုတွေနဲ့ ရလိုရငြား ကြိုးစားထားကြတယ်။ ရပ်ကွက်အုပ်ချုပ်ရေးက ကျွန်တော်တို့ရဲတပ်ဖွဲ့ကိုအကြောင်းလာကြားတာက နေ့လယ် (၁)နာရီခွဲမှ အကြောင်းကြားတော့ ချက်ချင်းလိုက်သွားပါတယ်”ဟု တာလေနယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်စန်းဦးက ပြောသည်ဟု တာချိလိတ် သတင်းဌာနတွင် ရေးသားဖော်ပြထားပါသည် ။
ရဲတပ်ဖွဲ့ က အခင်းဖြစ်ပွားရာနေရာကို နေ့လယ် ၁ နာရီခွဲဝန်းကျင်တွင် စစ်ဆေးပြီးနောက် ပရဟိတ (အခမဲ့) လူမှုကူညီရေးအသင်းက အလောင်းအား တာလေပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည် ။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် ၁/၂၀၁၈ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည် ။