1. Home
  2. Myanmar News

အိမ်ထဲမှာပုန်းခိုနေသည့် သူခိုးက အိမ်ရှင်အား ဓားနဲ့ထိုးပြီး ထွက်ပြေး

Myanmar News ก.ย. 19, 2561 view 1,761

စက်တင်ဘာလ ၁၈ ရက်နေ့က ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ နေအိမ်တစ်အိမ်တွင် ပစ္စည်းခိုးယူရန် ဝင်ရောက်ပုန်းခိုနေသော သူခိုးမှ အိမ်ရှင်ဖြစ်သူအား ဓားနဲ့ထိုးကာ ထွက်ပြေးခဲ့သည့်ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။

အဆိုပါနေ့ရက် နံနက် ၆ နာရီအချိန်တွင် သူခိုးက အိမ်ထဲဝင်ရောက်ပြီး ပုန်းခိုနေစဉ် အိမ်ရှင်အမျိုးသားက တွေ့ရှိသွားပြီး ဖမ်းဆီးရန် လုံးထွေးသတ်ပုတ်ရာမှ ဓါးနဲ့ထိုးခံရကြောင်း ဇနီးဖြစ်သူက ပြောကြားခဲ့သည်။
"ဒီမနက် (၆:၃၀)မှာ သူခိုးဝင်လာပြီး အိမ်ထဲမှာ ပုန်းနေတာ၊ ယောက်ျားကလည်း သူခိုးကို တွေ့သွားပြီး လုံးထွေးဖမ်းတော့ ဓါးနဲ့ထိုးခံရတယ်၊ အခုလို ဖြစ်တာကို မိုးရွာသံကြောင့် ဘေးအိမ်တွေ ဘယ်သူမှ မသိလိုက်ဘူး၊ ဓါးနဲ့ထိုးသွားသူက ညီမကို မအော်နဲ့ တိတ်တိတ်နေလို့ ရှမ်းလို ပြောပြီး ထွက်သွားတယ်၊ ဘာပစ္စည်းမှတော့ မရသွားဘူး"


ဓါးထိုးခံရသူ “စိုင်းဝန်းကျန်” ၏ လက်မောင်းနှစ်ဖက်တွင် ဒဏ်ရာများရရှိခဲ့သဖြင့် တာချီလိတ်နာရေးကူညီမှုအသင်းက ထိုင်းနိုင်ဘက်ခြမ်းရှိ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရှိရသည်။

ပစ္စည်းများ ခိုးယူရန် အကြံဖြင့် ပုန်းလျှိုးဝင်ရောက်ပြီး အိမ်ရှင်အား ဓါးဖြင့် ထိုးသွားသူ
သူခိုးမှာ မျက်နှာကိုအဝတ်စည်းထားသဖြင့် မည်သူမည်ဝါဖြစ်ကြောင်း မသိရှိရသေးပဲ အမြန်ဆုံးရှာဖွေ ဖမ်းဆီးရမိရေးအတွက် တာချီလိတ်မြို့မရဲစခန်းတွင် (ပ) ၃၂၃/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၄၅၅/၃၂၄ အရ အမှုဖွင့်ထားပြီး စုံစမ်းမှုများ ပြုလုပ်လျှက်ရှိကြောင်း တာချီလိတ်သတင်းအေဂျင်စီမှ ဖော်ပြထားသည်။
 



Follow us on