1. Home
  2. Special or Others

သင်ဟာ Early Bird လား Second Mouse လား

Special or Others ต.ค. 03, 2561 view 1,983
မြန်မာစကားပုံမှာ ‘စောစောထတဲ့ ငှက်ကအစာပိုရတယ်' ဆိုတဲ့ ဆိုရိုးစကားရှိပါတယ်။ အောင်မြင်မှုတစ်ခုကိုရချင်ရင် ဝီရိယရှိသူ ကြိုးစားအားထုတ်သူသာ ရရှိနိုင်တယ် ဆိုတဲ့အဓိပ္ပါယ်သက်ရောက်ပါတယ်။ စောစောထတဲ့ ငှက်တွေက အစာပိုရတယ်ဆိုတာမှန်ပေမဲ့ သူတို့မှာလဲ အားနည်းချက်တွေရှိပါတယ်။ ဝီရိယ ရှိနေရုံနဲ့လဲ အရာအားလုံးအဆင်မပြေနိုင်ပါဘူး ဉာဏ်ကိုလွှာသုံးတတ်ရပါမယ်။
 
Second Mouse(ဒုတိယကြွက်)ဆိုတာကတော့ ကျွန်တော်တို့မြန်မာစကားပုံထဲမှာ မရှိပါဘူး။ ‘Early Bird catches the worms, but second mouse get the cheese’ ဆိုတဲ့ အင်္ဂလိပ်စကားပုံရှိပါတယ်။ စောစောထတဲ့ငှက်ကအစာရသလို နောက်မှအစာရှာထွက်တဲ့ ကြွက်ကပိုကောင်းတဲ့ အရာကိုရနိုင်တယ်လို့ ပြောချင်တာဖြစ်ပါတယ်။
 
ကြွက်တွေဟာ အချိုကြိုက်တဲ့အတွက် လူတို့ဟာ ကြွက်ထောင်ချောက်ပေါ်မှာ ဒိန်ခဲကိုတင်ပြီးထောင်ဖမ်းလေ့ရှိကြပါတယ်။ ပထမအစာရှာထွက်တဲ့ကြွက်ဟာ ဒိန်ခဲကိုသွားဟပ်မိတဲ့အတွက်ထောင်ချောက်မိသွားပြီး ဒိန်ခဲကိုမစားရတဲ့အပြင် အသက်ပါဆုံးရှုံးနိုင်ပါတယ်။ ဒုတိယကြွက် (second mouse) ကတော့အရှေ့က ထောင်ချောက်မိသွားတဲ့ကြွက်ကြောင့် ဒိန်ခဲကို အ သင့်ယူပြီးစားသုံးခွင့်ရရှိသွားမှာဖြစ်ပါတယ်။
 
ဒါကြောင့်လုပ်ငန်းတစ်ခုကို တစ်ခုခုကိုစတင်လုပ်ကိုင်တော့မယ်ဆိုရင် အခြေအနေတစ်ရပ်ကိုစောင့်ကြည့်ပြီးမှလှုပ်ရှားသင့်တယ်လို့ ဆိုလိုချင်တာဖြစ်ပါတယ်။
 
Second Mouse ကတော့ Early Bird တွေလို ဝီရိယထားပြီး ကြိုးစားအားထုတ်တာမျိုးမရှိပဲ ရှေ့က Early Bird တွေလုပ်ထားတဲ့ အမှားကို စောင့်ကြည့်သူ ဖြစ်တယ်။
 
သို့သော်လည်း Early Bird ရော second mouse ရောအားသာချက်နဲ့ အားနည်းချက်ကိုယ်စီရှိကြပါတယ်။
 
ဥပမာ အားဖြင့် ယခုအချိန်မှာ နန်းကျဘုရင်လို့ တင်စားခေါ်ဝေါ်ကြတဲ့ Blackberry နဲ့ Nokia တို့ဟာဆိုရင် တစ်ချိန်က လူတိုင်းက အမြတ်တနိုးသုံးစွဲကြတဲ့ စမတ်ဖုန်းများဖြစ်ကြပါတယ်။ ဒါပေမဲ့ Apple (iPhone) နဲ့ Android ဖုန်းများပေါ်လာတဲ့အခါမှာတော့ Blackberry နဲ့ Nokia တို့ဟာ နာမည်ကျသွားပါတယ်။ ဘာလို့လဲ?
 
ဘာလို့ဒီလိုဖြစ်ရတာလဲဆိုတော့ Apple ဟာ Blackberry နဲ့ Nokia တို့ရဲ့ အားနည်းချက်များကို အခြေခံကာ iPhone ကိုထုတ်လုပ်ခဲ့ပါတယ်။ Blackberry နဲ့ Nokia တို့မှာမပါဝင်တဲ့ features များကို iPhone မှာထည့်သွင်းခဲ့ပါတယ်။လူတွေ ဆိုတာကလဲ ပိုကောင်းတာပိုလွယ်ကူတာကိုပဲ အသုံးပြုချင်ကြတာမဟုတ်ပါလား။ ဒါကြောင့် Keypads ကြီးနဲ့ ရှုပ်ထွေးလှတဲ့ Nokia တို့ Blackberry တို့ကိုအသုံးပြုသူ နည်းပါးလာပါတယ်။
 
 
 
ဒီနေရာမှာ Nokia နဲ့ Blackberry တို့ကို Early Bird လို့ပြောလို့ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်စမတ်ဖုန်းများကို စတင်ထုတ်လုပ်ခဲ့တာကတော့ သူတို့ပါပဲ။ ‘ဖုန်းဆိုတာမျိုးက ငါတို့ကနေ စတင်ဖြစ်ပေါ်လာတာ’   ဆိုပြီးသူတို့မှာ စောဒက တက်ပိုင်ခွင့်ရှိပါတယ်။    Early Bird တို့ရဲ့အားသာချက်က သူတို့ဟာ ပထမဦးဆုံးထုတ်လုပ်သူဖြစ်တဲ့အတွက် ဈေးကွက်ကို ပထမဦးစွာ ထိုးဖောက်ဝင်ရောက်နှင့်ပြီးဖြစ်ပါတယ်။
 

နောက်မှပေါ်လာတဲ့ iPhone တို့ဘာတို့က ဘယ်လိုပင် အဆင်ပြေကောင်းမွန်အောင်လုပ်ထားတယ်ပြောပြော လူဆိုတာမျိုးကလဲ ကိုယ့်လက်ထဲမှာလက်ရှိအသုံးပြုနေတာအဆင်ပြေနေတာပဲ နောက်ထွက်မယ့် ဟာက ဘယ်လိုလဲဆိုတာကိုယ်မှသေချာမသိသေးတာပဲ ငါတော့လက်ရှိအဆင်ပြေတာပဲဝယ်သုံးမယ် အဲ့လိုကိစ္စမျိုးရှိလာနိုင်ပါတယ်။ ဒါကတော့ ပထမလက်ဦးမှုရရှိထားတဲ့ ဝီရိယရှိသူရဲ့အားသာချက်ပဲဖြစ်တယ်။ သူဟာ ရှေးဦးပထမတည်းက ဈေးကွက်မှာ နာမည်တစ်ခုရရှိထားတဲ့အတွက် အခိုင်အမာ ပရိတ်သတ်ကို သူကအရင်ရရှိမှာဖြစ်တယ်။

ဒါဆိုရင်ဖြင့် i-phone တို့ android တို့ကိုတော့ second mouse လို့တင်စားရမှာပေါ့နော်။ သူတို့ဟာအခြေအနေ တစ်ရပ်ကိုစောင့်ကြည့်ပြီး Nokia နဲ့ Blackberry ကီးပတ်ဒ်ဖုန်းများကို ဈေးကွက်ထဲကနေ ရိုက်ချဖို့ ကြံဖန်နေကြတာပါ။ Android တို့ iPhone တို့ဟာ သူများထက်နောက်ကျမှပေါ်လာတဲ့အတွက် ဈေးကွက်ထဲကို ဝင်ဖို့တော့ခက်ခဲခဲ့ပါတယ်။Nokia တို့ Blackberry တို့က စီးပွားရေးဈေးကွက်မှာနာမည်တစ်ခုအရင် ရရှိထားပြီဖြစ်တဲ့အတွက် သူတို့ဟာလူတွေရဲ့ သံသယနဲ့ စောင့်ကြည့်ခြင်းကိုလဲ ခံခဲ့ရတာပေါ့နော်။ ဒါကတော့နောက်မှပေါ်ပေါက်လာတဲ့ second mouse တွေရဲ့အားနည်းချက်ပေါ့နော်။
 
သူတို့ရဲ့ အားသားချက်ကတော့ အချိန်တစ်ခုကိုစောင့်ကြည့်ပြီး Early Bird တွေရဲ့ အားနည်းချက်ကိုရှာဖွေတာပဲဖြစ်တယ်။ သူများရဲ့ အားနည်းချက်ကို ကိုယ့်အားသာချက်ဖြစ်အောင်လုပ်တယ်။ ဒါကသိပ်တော့ သမားရိုးကျမဟုတ်ဘူးပေါ့။ အမှန်ဆို Android နဲ့ iPhone ဆိုတာကလဲ Nokia နဲ့ Blackberry တို့ကိုအခြေခံပြီး ပိုမိုကောင်းမွန်အောင် ထုတ်လုပ်လိုက်တာပါပဲ။
 
Second Mouse တွေရဲ့အားသာချက်ကတော့ ပထမလူရဲ့ အမှားကို အချိန်တစ်ခုပေးပြီး စောင့်ကြည့်နိုင်တယ် အဲ့ဒီအမှားကိုကြည့်ပြီး သင်ခန်းစာယူနိုင်မယ်။ ဒါကြောင့် အသစ်အဆန်းနဲ့ ပိုမိုလွယ်ကူအဆင်ပြေတာကိုသုံးချင်ကြတဲ့ လူတွေအတွက်တော့ သူတို့ဟာ အသင့်တော်ဆုံးဖြစ်နေပြန်တယ်။
 
မြန်မာစကားပုံမှာလဲ ‘လက်ဖက်ကောင်းကောင်း စားချင်ရင်ပလောင်တောင်တက်နှေးရတယ်’ ဆိုပြီးရှိတယ်မို့လား။ ဘယ်အရာမဆို ပြီးလိုဇောနဲ့ အလောတကြီးလုပ်ရင် ရလဒ်က မကောင်းနိုင်ပါဘူး။ သူများထက်ပိုကောင်းတဲ့ အရာကိုလိုချင်ရင် သူများထက်အချိန်ပိုပေးရမယ်။ သူများထက်တော့ နောက်ကျသွားမယ် ဒါပေမဲ့ ရလာတဲ့ ရလဒ်ကလဲ သူများနဲ့ တူမှာမဟုတ်ဘူး။ ဒါကတော့ Second Mouse လို့ခေါ်တဲ့ ဒုတိယမြောက်ကြွက်တွေရဲ့ အားသာချက်ပါ။
 

Early Bird လိုမျိုး ဝီရိယရှိတာမျိုးကလဲမမှားပါဘူး။ ဒါပေမဲ့ ဉာဏ်ကိုလွှာမသုံးရင် ဘယ်လောက်ပဲ ကြိုးစားအားထုတ်မှုရှိရှိအရာထင်မှာမဟုတ်ပါဘူး။ ကြိုးစားသလောက် အရာမထင်ရင် နောက်ဆုံးမှာဆောက်တည်ရာမရဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် အချိန်အခါကောင်းကို စောင့်ကြည့်တတ်တဲ့ Second mouse လိုမျိုးကျင့်ကြံနေထိုင်ပြီး Early Bird လိုမျိုး ဝီရိယထားပြီးကြိုးစားအားထုတ်နိုင်ကြပါစေ။

 



Follow us on