အင်္ဂလန်နိုင်ငံရဲ့ တော်ဝင်မင်းသား တစ်ဦးဖြစ်တဲ့ မင်းသား ဟယ်ရီ ရဲ့ ကြင်ယာတော် မင်းသမီး မီဂန်မာကယ်လ်ဟာ ယခုဆိုရင် တော်ဝင်သွေးလေးကို လွယ်ထား ရပြီဖြစ်ကြောင်း ကို ဗြိတိသျှနန်းတော် မှ သတင်းအတိအကျ ထုတ်ပြန်လိုက်ပါပြီ။
Kensington နန်းတော်ရဲ့ သတင်းထုတ်ပြန်ချက်အရ မင်းသမီး မီဂန်လွယ်ထားရတဲ့ တော်ဝင်မျိုးဆက်လေးဟာ လူ့လောကထဲကို နောက်နှစ် နွေရာသီ ၂၀၁၉ မှာ ဖွားမြင်ရောက်ရှိလာမှာဖြစ်ပါတယ်။
ယခုဆိုရင် မင်းသားဟယ်ရီနဲ့ မင်းသမီး မီဂန်မာကယ်လ်တို့ Windsor ရဲတိုက်မှာ လက်ထပ်ထိမ်းမြားခဲ့တာ ၅ လတင်းတင်းပြည့်သွားပြီဖြစ်ပါတယ်။
မင်းသား နဲ့မင်းသမီးဟာ ယခုလက်ရှိအချိန်မှာဆိုရင် နိုင်ငံရပ်ခြားဒေသများသို့ စုံတွဲလိုက် ရွှေလက်တွဲခရီးစဉ်ကို လှည့်လည်သွားလာနေတာဖြစ်ပါတယ်။
သြစတေးလျမှာရှိတဲ့ မင်းသားဟယ်ရီ ဖွဲ့စည်းတည်ထောင်ထားသော စစ်မှုထမ်းဟောင်း များနှင့် စစ်တပ်အဖွဲ့ဝင်များပါဝင်တဲ့ ဘောလုံးကန်အဖွဲ့ ဟာအပြည်ပြည်ဆိုင်ရာ အားကစား ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့အတွက် မင်းသားနှင့်မင်းသမီး တို့ဟာ အဆိုပါပွဲကို အားပေးဖို့ သြစတေးလျကို ရောက်ရှိနေကြခြင်းဖြစ်ပါတယ်။
ဟယ်ရီနဲ့ မီဂန်တို့ဟာ သြစတေးလျမှာ နောက်ထပ်နှစ်ပတ်တိုင်တိုင် နေဖို့ အစီအစဉ်ရှိတယ်လို့လဲသိရပါတယ်။ မင်းသားဟယ်ရီ ဟာဆိုရင် လူငယ်ဓနသဟာယအဖွဲ့ ရဲ့သံအမတ်အဖြစ် လောလောလတ်လတ် ခန့်အပ်ခြင်း ခံထားရတဲ့လူတစ်ယောက်ဖြစ်ပြီး ဆစ်ဒနီမှာ ရှိတဲ့ လူငယ်များနဲ့ တွေ့ဆုံပြီး Leadership ဆိုင်ရာအကြောင်းအရာများကိုဆွေးနွေးသွားမယ်လို့ လဲသိရပါတယ်။
သူတို့ နှစ်ယောက်ဟာ ဆစ်ဒနီမြို့ရဲ့ အထင်ကရ နေရာများဖြစ်တဲ့ Bondi ကမ်းခြေ နဲ့ Sydney Opera House ကိုလဲသွားရောက်လည်ပတ်ကြမယ်လို့ သိရပါတယ်။
သြစတေးလျနိုင်ငံ သို့လည်ပတ်မှုများ ပြီးတဲ့အခါမှာတော့ နယူးဇီလန် သို့သွားရောက်လည်ပတ်မယ်လို့လဲသိရပါတယ်။