1. Home
  2. Myanmar News

နေပြည်တော်မှ ကုမ္ပဏီပိုင်ရှင် အမျိုးသမီးကို သတ်ဖြတ်သူမှာ ယာဉ်မောင်းဖြစ်နေ

Myanmar News ต.ค. 30, 2561 view 1,713

AUNG MYIN CHAN THAR CONSTRUCTION, WE & WE INTERIOR DESIGN DECORATION CO.,LTD ကုမ္ပဏီပိုင်ရှင် ဒေါ်ခင်ထွေးဝင်းသန်း (ခ) မမီးငယ်လေး အသတ်ခံရမှုမှ တရားခံအား အောက်တိုဘာ ၃၀ ရက် နံနက် ၀၇ နာရီ ၃၅ မိနစ်အချိန်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရသည်။

ဖမ်းဆီးရမိသူတရားခံမှာ မျိုးကျော်သက် (၂၅) နှစ် သနပ္ဗင်ဆိပ်နေသူဖြစ်ကြောင်းသိရပြီး ၎င်းမှာ အသတ်ခံရသူအမျိုးသမီး၏ ဒရိုင်ဘာဟောင်းဖြစ်ကြောင်း၊ ၎င်းမှာ အလုပ်မှထုတ်ပယ်ခံထားရသူဖြစ်ပြီး အလုပ်ပြန်လည်ခန့်အပ်ရန် လာရောက်ပြောဆိုရာမှ စကားများရန်ဖြစ်၍ တွန်းလိုက်ရာ ဒေါ်ခင်ထွေးဝင်းသန်း (ခ) မမီးငယ်လေး၏ဦးခေါင်းနှင့် နံရံရိုက်မိသေဆုံးကြောင်း၊ သေဆုံးသွားပြီးမှ ခန္ဓာကိုယ်ကို အရက်နှင့်လောင်း၍မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ကနဦးစစ်ဆေးချက်များအရ သိရသည်။

လက်ရှိတွင် တရားခံ မျိုးကျော်သက်အား ဘုရားကုန်းမြို့မရဲစခန်း၌ ထိန်းသိမ်းထားရှိကြောင်း သိရသည်။ ဖြစ်စဉ်မှာ နေပြည်တော် ဥတ္တရသီရိမြို့နယ် ရတနာသိဒ္ဓိရပ်ကွက်၊ ရာဇသင်္ဂဟအိမ်ရာ (၂) ၊ ကျွန်းချောင်း(၂) လမ်းရှိ နေအိမ်ခြံဝင်းတခုတွင် ကုမ္ပဏီပိုင်ရှင် ဒေါ်ခင်ထွေးဝင်းသန်း (ခ) မမီးငယ်လေးသည် ရေချိုးခန်းအတွင်း ဒူးအထက်ပိုင်းခန္ဓာကိုယ်တခုလုံး မီးလောင်ကျွမ်းပြီး ပက်လက်အနေအထားဖြင့် သေဆုံးနေသည်ကို အောက်တိုဘာ ၂၈ ရက်က တွေ့ရှိခဲ့သည်။

ကိုအောင်ကျော်ဦးနှင့် ဇနီး မသန္တာစိုးတို့သည် မီးပူးတိုက်ပြီးသော အဝတ် အထည်များ ပြန်ပေးရန်အတွက် ခြံအမှတ် (၂၀၄၂) ရှိ AUNG MYIN CHAN THAR CONSTRUCTION, WE & WE INTERIOR DESIGN DECORATION CO.,LTD သို့ ရောက်ရှိစဉ် ခြံဝန်းတံခါးဖွင့်ထားပြီး အိပ်ခန်းအတွင်း မီးခိုးများထွက်နေသည်ကိုတွေ့ရှိရသည့်အတွက် ရေမီးတာဝန်ခံ ကိုမော်ကြီး ထံသို့ သွားရောက်ခေါ်ဆောင်ပြီး ပြသခဲ့ရာ ကိုမော်ကြီးက အိမ်ခန်းအတွင်း ဝင်ရောက်၍ မီး Main ခလုတ်များကိုပိတ်ပြီး လိုက်လံကြည်ရှုစဉ် ဒေါ်ခင်ထွေးဝင်းသန်း သည် ဒူးအထက်ပိုင်း မီးလောင်ပြီး သေဆုံးနေသည်ကို စတင်တွေ့ရှိ ခဲ့ကြခြင်းဖြစ်သည်။

သေဆုံးမှုနှင့်ပတ်သက်၍ ဘုရားကုန်းမြို့မရဲစခန်းမှ တာဝန်ရှိသူများ၊ ဥတ္တရသီရိရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ကုမ္ပဏီဝန်ထမ်း ဆောက်လုပ်ရေးကန်ထရိုက်၊ ဇမ္ဗူသီရိမြို့ ရေမီးတာဝန်ခံကိုမော်ကြီး (ခ) ကိုကျော်ဇေယျာဝင်းတို့နှင့်အတူ သွားရောက်ကြည်ရှုစစ်ဆေးခဲ့ရာတွင် ဒေါ်ခင်ထွေးဝင်းသန်း (ခ) မမီးငယ်လေးမှာ ရေချိုးခန်းအတွင်း ပက်လက်အနေအထား ဒူးအထက်ပိုင်းခန္ဓာကိုယ်တခုလုံး မီးကျွမ်းသည့် အနေအထားဖြင့် သေဆုံးနေသည်ကို တွေ့ရှိရပြီး၊ ရေချိုးခန်းအတွင်း ဘိုထိုင်အိမ်သာခွက်ဘေးတွင် သွေးကွက်များနှင့် ရေချိုးခန်းဝင်ပေါက်တံခါးနှင့် နှစ်ပေခန့်အကွာကြမ်းပြင်တွင် သွေးစက်အနည်းငယ် တွေ့ရှိကြောင်း၊ မီးလောင်မှုကြောင့် ရေချိုးခန်းအတွင်း မီးခိုးမှိုင်းများပေကျံလျက်ရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့သည်။ မီးလောင်ကျွမ်းသေဆုံးမှုနှင့်ပတ်သက်ပြီး ဥတ္တရသီရိမြို့နယ် ဘုရားကုန်းမြို့မရဲစခန်းမှ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ လူသတ်မှုဖြင့် အမှုဖွင့်ထားခဲ့သည်။

NewsWatch



Follow us on