1. Home
  2. Myanmar News

ကချင်ဓမ္မဆရာမ အပါအဝင် လူ (၁၅)ဦးပျောက်ဆုံးဆဲ

Myanmar News พ.ย. 02, 2561 view 1,414

ကချင်ပြည်နယ် တရုတ်နယ်စပ်လမ်း မှာ အစိုးရစစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားတယ် ဆိုတဲ့ ကချင် ဓမ္မဆရာမအပါအဝင် လူ ၁၅ ဦးဟာ အခုချိန်အထိ ပြန်မလွတ်လာသေးဘူးလို့ ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် KBC က သတင်းရရှိပါတယ်။

ဖမ်းဆီးခံရသူ ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် KBC ဓမ္မဆရာမ ခေါင်ညွယ်နဲ့ အတူ စစ်ရှောင် စခန်းမှာ လုပ်အားပေး ကူညီနေသူ အမျိုးသမီးတဦးလဲ ပါဝင်တယ်လို့ ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် KBC ရဲ့ ဥက္ကဌ ဖြစ်သူ ဒေါက်တာ ဆမ်ဆွမ်ခရမ်က ဘီဘီစီကို ပြောပါတယ်။

ဒေါက်တာ ဆမ်ဆွမ်ခရမ်က ကျွန်တော်တို့ကတော့ အမြဲသွားလာနေတဲ့ လူတွေဖြစ်နေတော့ စစ်ဆေးပြီးမှ ပြန်လွှတ်ရင်တော့ ကောင်းတာပေါ့၊ အခုလို ရက်ကြာသွားတာတော့ မကောင်းပါဘူး အားလုံးလဲ စိတ်ပူနေကြပြီ လို့ ပြောပါတယ်။

အောက်တိုဘာ ၂၄ ရက်နေ့မှာ လိုင်ဇာနဲ့ နမ်ဆမ်ယမ် သွားတဲ့ လမ်းမှာ အစိုးရတပ်က ဖမ်းခေါ်သွားတာဖြစ်ပြီး အခုအခါ ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးခွန်ဂျာရဲ့ ဆက်သွယ်မေးမြန်းမှုကြောင့် ကချင်ပြည်နယ် နယ်လုံဝန်ကြီးမှ တဆင့် ဆရာမတို့အဖွဲ့ကို ဖမ်းဆီးထားတယ်ဆိုတာ သိရကြောင်း ဒေါက်တာ ဆမ်ဆွမ်ခရမ်က ပြောပြပါတယ်။

တရုတ်-မြန်မာနယ်စပ် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်ဒေသက စစ်ရှောင်းခန်းတွေကို သွားရင် မတရားသင်း ဥပဒေ ပုဒ်မ ၁၇ (၁) နဲ့ အရေးယူနိုင်ကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးက KBC ကို မေလ (၂၁) ရက်နေ့က စာနဲ့ သတိပေးခဲ့ပါတယ်။

အခုချိန်မှာတော့ ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းချုပ် KBC က ဆရာမအပါအဝင် လူ ၁၅ ဦးကို ပြန်လည်လွတ်မြောက်ရေးအတွက် သက်ဆိုင်ရာ ဌာန အသီးသီးကို လိုက်လံ ဆက်သွယ်နေပါတယ်။

Ref BBC



Follow us on