1. Home
  2. Myanmar News

မင်္ဂလာဆောင်ဖိတ်စာတွင် ဇနီးဟောင်း၏ အမည်ကိုထည့်သဖြင့် ဓားဖြင့်ခုတ်သူအား ဖမ်းဆီး

Myanmar News พ.ย. 06, 2561 view 1,757

လှိုင်သာယာမြို့နယ်ရှိ မင်္ဂလာဆောင်တစ်ခုတွင် သတို့သမီး၏ ဦးလေးတော်စပ်သူက ဖိတ်စာအတွင်း သူ၏ဇနီးဟောင်းအမည်ကို ရိုက်နှိပ်ဖော်ပြထားသဖြင့် ဓါးနှစ်လက်ကိုင်ကာ မိခင်ဖြစ်သူ အစ်မဖြစ်သူနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရဲတပ်ဖွဲ့ဝင်များအား ဓားဖြင့် ခုတ်ခဲ့သောကြောင့် သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာလ ၅ ရက်နေ့ည ၁၀ နာရီ မိနစ် ၄၀ ခန့်တွင် လှိုင်သာယာမြို့နယ်၊ ၁ ရပ်ကွက်၊ ပိတောက် ၃ လမ်းနေ ဝင်းထွေး(ခ)ငါးမန်း(၃၂ နှစ်)သည် တူမဖြစ်သူ၏ မင်္ဂလာဆောင်ဖိတ်စာ၌ ၄င်း၏ လက်ရှိဇနီးသည်အမည်မပါရှိဘဲ ပထမအိမ်ထောင်အမည်ကို ထည့်သွင်းဖော်ပြထားသဖြင့် မကျေမနပ်ဖြစ်ကာ တအိမ်တည်းအတူနေ မိခင်ကြီးအား ငှက်ကြီးတောင်ဓါးနှင့် ရွယ်ကာခုတ်မည်ဟု ပြောဆိုကြိမ်းမောင်းခဲ့ပြီး အစ်မဖြစ်သူကိုလည်း ဆဲဆိုကာ ဓါးဖြင့်ထိုးမည်ဟု ကြိမ်းမောင်းခဲ့သည်။

ထို့နောက် မြို့ပတ်လမ်းတွင် ပြင်ဆင်ထားသည့် တူမဖြစ်သူ၏ မင်္ဂလာမဏ္ဍပ်သို့ သွားရောက်ကာ ခန်းမ မုဒ်ဦးနှင့် ဧည့်ခံပွဲစာတမ်းများ၊ ပိတ်စများကိုဓါးဖြင့်ခုတ် စုတ်ဖြဲဖျက်ဆီးနေသဖြင့် အမှတ် ၁ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမျိုးနေအောင်နှင့် ရဲတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ကြရာ ဝင်းထွေး(ခ)ငါးမန်း ကို ပိတောက် ၃ လမ်းနှင့် ၁ လမ်းထိပ်ရှိ ဆိုင်ကယ်ပေါ်တွင်ခွကာ ငှက်ကြီးတောင်ဓားကို ကိုင်လျက် ဓါးဦးချွန်ကို ခါးကြားထိုးလျက် ထိုင်နေသည်ကို တွေ့ရသဖြင့် လက်နက်ချ အဖမ်းခံရန် ရဲတပ်ဖွဲ့က ပြောဆိုစည်းရုံးခဲ့သည်။

ထိုသို့ပြောဆိုစည်းရုံးနေစဉ် ဝင်းထွေး(ခ)ငါးမန်း က အုပ်ချုပ်ရေးမှူးနှင့် ရဲတပ်ဖွဲ့ဝင်များကို ဓါးဖြင့်ပြေးခုတ်သဖြင့် ရဲတပ်ဖွဲ့က MA 13 သေနတ်ဖြင့် ဟန့်တားပစ်ခတ်ခဲ့သောကြောင့် ဝင်းထွေး(ခ)ငါးမန်း ၏ လည်ပင်းယာဘက်ဘေး ထိမှန်ပေါက်ထွက်ပြီး လဲကျသွားစဉ် ဓါးနှစ်လက်ကို သက်ဆိုင်ရာက သိမ်းဆည်းကာ ဖမ်းဆီးရမိခဲ့သည်။

ဒဏ်ရာရရှိသွားသော ဝင်းထွေး(ခ)ငါးမန်း ကို အင်းစိန်ဆေးရုံသို့ တင်ပို့ကုသခဲ့ရပြီး လှိုင်သာယာမြို့မရဲစခန်းက(ပ) ၄၁၅၇/၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၅၃/၃၀၇ အရလည်းကောင်း၊ (ပ) ၄၁၅၈/၁၈ လက်နက်ဥပဒေပုဒ်မ ၁၉(င) အရလည်းကောင်းအသီးသီး အမှုဖွင့်အရေးယူထားကြောင်း သိရှိရသည်။


သတင်းရင်းမြစ် - မြန်မာတိုင်းမ်းစ်



Follow us on