စပိန်နိုင်ငံမှာ နိုဝင်ဘာလ ၁၀ ရက်နေ့က ပြုလုပ်ခဲ့တဲ့ မျက်လှည့်ပွဲတော်ကြီးမှာ မျက်လှည့်ပညာရှင်တစ်ဦးဟာ ရေအပြည့်ထည့်ထားတဲ့ အလုံပိတ် မှန်ရေကန်အတွင်းမှ အလွတ်ရုန်းထွက်ပြသည့် ပြကွက်ကို ပြသစဉ် ရေနစ်ခဲ့သဖြင့် အရေးပေါ်ကယ်ဆယ်မှု လုပ်ခဲ့ရပါတယ်။
Pedro Volta ဆိုတဲ့ မျက်လှည့်ဆရာဟာ ရုန်းလို့မရတဲ့ ကြိုးသိုင်းဝတ်စုံကို ဝတ်ဆင်ပြီး သူ၏ခန္ဓာကိုယ်ကိုလည်း သော့များနဲ့ အထပ်ထပ်ခတ်ထားပြီး မှန်ရေကန်ထဲဆင်းကာ ၂ မိနစ်အတွင်း လွတ်အောင် ရုန်းထွက်ပြမည့် ပြကွက်ကို လူအများရှေ့မှာ ပြသခဲ့တာဖြစ်ပါတယ်။
မျက်လှည့်ပြကွက်ကို ပြသနေရင်း ၂ မိနစ်ကျော်လာသည်အထိ ရေကန်ထဲမှ ရုန်းမထွက်နိုင်သေးပဲ ရေကန်ထဲမှာလည်း လှုပ်ရှားမှုများ ငြိမ်သက်သွားတာကြောင့် မျက်လှည့်ပွဲစီစဉ်သူက တစ်ခုခုဖြစ်နေပြီဆိုတာ ရိပ်မိသွားပြီး ကယ်ဆယ်ရေးအဖွဲ့နဲ့ အရေးပေါ်ချက်ချင်း ကယ်ထုတ်ခဲ့ရပါတယ်။
အပြင်ရောက်တဲ့အခါမှာတော့ နှလုံးခုန်ရပ်နေပြီး ၄ မိနစ်ခန့် သေသလိုဖြစ်နေခဲ့ပါတယ်။ ဆရာဝန်များရဲ့ ကယ်ဆယ်မှုကြောင့် နှလုံးပြန်ခုန်ပြီး အသက်ပြန်ရှင်ခဲ့ရသည်။ Pedro Volta က သူ့အသက်ကို ကယ်ခဲ့တဲ့အတွက် ဆရာဝန်တွေကို ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့ပါတယ်။
Pedro Volta က အခုလို ရေနစ်သေဆုံးမလိုဖြစ်ခဲ့ရတဲ့အကြောင်းကို ပြန်ရှင်းပြပါတယ်။ သူဝတ်ဆင်ထားတဲ့ ကိုယ်ကျပ်ဝတ်စုံရဲ့ ပထမဦးဆုံး ကြယ်သီးခလုပ်ဖြုတ်မရပဲ ပြသနာဖြစ်နေခဲ့တာကြောင့် လိုတာထက်အချိန် ပိုကြာသွားတဲ့အတွက် လွတ်အောင် ထွက်နိုင်တော့မယ့်အချိန်မှာ သူအသက်အောင့်ထားနိုင်တဲ့အချိန် ကုန်သွားပြီး ရေနစ်ခဲ့ရတာဖြစ်ပါတယ်။
အခုလို ပရိသတ်တွေ ထိတ်လန့်သွားအောင် ဖြစ်ခဲ့ရတဲ့အတွက် တောင်းပန်ကြောင်း၊ သူ့အနေနဲ့ မျက်လှည့်ပညာကို ချစ်ခင်ယုံကြည်တဲ့အတွက် အခုလို အန္တရာယ်များတဲ့ လှည့်ကွက်တွေကို ဆက်လုပ်သွားဦးမှာဖြစ်တယ်လို့ မျက်လှည့်ပညာရှင် Pedro Volta က ပြောဆိုခဲ့ပါတယ်။