1. Home
  2. Movie Stars - Celebrity

လိုက်ဘေးရီးယား အိမ်ခြေရာမဲ့ကလေးတွေနဲ့တွေ့ဆုံခဲ့တဲ့ Ed sheeran

Movie Stars - Celebrity พ.ย. 23, 2561 view 1,468

UK ရဲ့ နာမည်ကြီးရေပန်းစား အဆိုတော်တစ်ယောက်ဖြစ်တဲ့ Shape of you, perfect တို့ရဲ့ သီချင်းပိုင်ရှင် Ed Sheeran ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအနည်းငယ်က လိုက်ဘေးရီးယားနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့ပါတယ်။ ထိုသို့ သွားရောက်လည်ပတ်ရင်းနဲ့ Ed sheeran ဟာ အိမ်ခြေရာမဲ့ကလေးသူငယ်များအတွက် BBC ကပြုလုပ်တဲ့ Red Nose Day Campaign မှာပါဝင်ဖို့ သဘောတူညီခဲ့ပါတယ်။

အိမ်ခြေရာမဲ့ကလေးငယ်များထဲမှ ဂျေဒီ အမည်ရှိသောကောင်လေးနဲ့ စကားစမြည်ပြောရင်း မေးမြန်းကြည့်ရာ ကလေးငယ်ရဲ့ ဘဝဇာတ်ကြောင်း နဲ့ သူဖြစ်ချင်တဲ့ အိမ်မက်တွေအကြောင်းကို သိလိုက်ရတဲ့အခါမှာတော့ Ed sheeran တစ်ယောက်မျက်ရည်ဝဲသွားပါတယ်။ ဂျေဒီအမည်ရှိသော ကလေးဟာ အိမ်မရှိပဲ လမ်းမထက်မှာ နေလာတာ ၆ လတိုင်တိုင်ရှိသွားပါပြီ။ သူ့လိုအရွယ်ကလေး တစ်ယောက်အနေနဲ့ ဒီလိုနေနေရတာခက်ခဲကြောင်း၊ သူ ထိုဒုက္ခနွံထဲက လွတ်မြောက်ချင်ကြောင်း အစရှိသည်တို့ကိုရင်ဖွင့်ပြောဆိုခဲ့ပါတယ်။

အဖေနဲ့ အမေကဘယ်ရောက်သွားတာလဲလို့ Ed Sheeran ကမေးတဲ့အခါမှာတော့ အမေဖြစ်သူနဲ့ အဖိုးက အီဘိုလာဗိုင်းရပ်စ် ကူးစက်ခံရတာကြောင့် သေဆုံးသွားတာဖြစ်ပြီး အဖေဖြစ်သူကတော့ သူ့ကိုပစ်ကာ ထွက်ပြေးသွားတယ်လို့ သိရပါတယ်။ ပြီးတော့ ကလေးငယ်က သူလဲ သူ့အရွယ်ကလေးများနည်းတူကျောင်းတက်ချင်ကြောင်း ဖွင့်ပြောခဲ့ပါတယ်။

ကောင်လေးရဲ့ အိမ်မက်နဲ့ပတ်သတ်ပြီးမေးစမ်း ကြည့်တဲ့အခါမှာတော့ ဂျေဒီက သူကြီးလာရင် သမ္မတဖြစ်ချင်ကြောင်းပြောဆိုခဲ့ပါတယ်။ သူသမ္မတဖြစ်ရင် သူ့ကို အိမ်ခြေရာမဲ့ကလေးငယ်တွေအတွက် ကျောင်းဆောက်ပေးမယ်၊ နေစရာ အိပ်စရာနေရာပေးမယ်၊ ပြီးတော့ စားစရာတွေလဲ အလကားဝေမျှပေးမယ်ဆိုပြီး ဖြေကြားထားပါတယ်။

Ed Sheeran ဟာ ဂျေဒီနဲ့အတူ အိမ်ခြေမဲ့ကလေးများ စုဝေးနေထိုင်ရာအရပ်ကို သွားရောက်လေ့လာကြည့်တဲ့အခါမှာတော့ ကလေးငယ်များဟာ ကနူးလေ ဝမ်းဗိုက်ထဲမှာ အိပ်နေကြတာကိုတွေ့ရှိခဲ့ပါတယ်။ ငယ်ရွယ်လွန်းတဲ့ကလေးတွေ ဒီလို နေထိုင်နေရတာကို မြင်ရပြီးနောက် Ed Sheeran က “ကျွန်တော် သူတို့ကို သူတို့နေထိုင်ဖို့အိမ်မရသေးခင်အချိန်အထိ ဟိုတယ်မှာထားပေးလို့မရဘူးလား” ဟုတောင်းဆိုခဲ့ပါတယ်။ ကလေးများအတွက် စိတ်ကြိုက်လှူဒန်းလို့ရတယ် ဆိုတာနဲ့ Ed Sheeran ဟာ ဂျေဒီအပါအဝင် ကလေး ၅ ယောက်ကို သူတို့အတွက် နေထိုင်စားသောက်ဖို့နဲ့ ကျောင်းထားဖို့ အတွက် လှူဒန်းခဲ့ပါတယ်။

ဒါ့အပြင် Ed Sheeran ကအမေရိကမှာရှိတဲ့ မိဘပြည်သူများကိုလဲ “ခင်ဗျားတို့က ခင်ဗျားတို့ကလေးတွေ ကျောင်းမှာ Grade ကောင်းတယ်မကောင်းဘူးဆိုတာ စိတ်ပူနေကြတဲ့အချိန် ဒီကလေးတွေကကျောင်းတက်ခွင့်တောင်မရကြပါဘူး။ ခင်ဗျားတို့ကလေးတွေဟာ အိမ်မှာပဲလုံလုံခြုံခြုံ အန္တရာယ်ကင်းစွာတည်ရှိနေပေမဲ့ ဒီကလေးတွေကတော့ အန္တရာယ်မကင်းကြပါဘူး။” လို့ ပြောကြားထားပါတယ်။ သူအခု ဂျေဒီ အပါအဝင်ကလေး ၅ ယောက်ကိုကူညီခဲ့ပေမဲ့ သူတို့နည်းတူတခြားကလေးများလဲ ရှိသေးကြောင်း အလှူရှင်များ လာရောက်ကူညီရန်တောင်းဆိုခဲ့ပါသေးတယ်။




Follow us on