1. Home
  2. Myanmar News

သမိုင်းအစဉ်အလာမပျက် ဆေးဖြူသင်္ဃန်းဖြင့် ပြန်လည် ဖူးမျှော်ရတော့မည့် စစ်ကိုင်းကောင်းမှုတော်

Myanmar News พ.ย. 26, 2561 view 1,828

စစ်ကိုင်းတိုင်းအတွင်းရှိ ထင်ရှားကျော်ကြားလှတဲ့ သမိုင်းအမွေနှစ် ဘုရားကြီးတစ်ဆူဖြစ်တဲ့ ကောင်းမှုတော် ဘုရားကြီးကို ယခူကပ်လှူပူဇော်ထားသော ရွှေဆေးသင်္ဃန်းမှ နဂိုမူလပုံစံဖြစ်တဲ့ ဆေးဖြူသင်္ဃန်းကပ်လှူပူဇော်မှု စီမံကိန်းကို လာမည့် ဒီဇင်ဘာ ၁ ရက်နေ့တွင် စတင်တော့မည်ဖြစ်ကြောင်း ကောင်းမှုတော်စေတီ ဂေါပကအဖွဲ့ထံမှ သိရှိရသည်။

ကောင်းမှုတော်စေတီကြီးအား ဆေးဖြူသင်္ဃန်းကပ်လှူမည့် အစီစဉ်ကို သီတဂူဆရာတော်ဘုရားကြီးက ဦးစီးဆောင်ရွက်လျှက်ရှိပြီး ယူပီဂျီ၊ ကန်ဆန်း၊ အောင်ပြည်တန် စတဲ့ ကုမ္ပဏီ ၃ ခုထဲမှ တစ်ခုကို ရွေးချယ်ပြီး လုပ်ဆောင်သွားတော့မည်ဖြစ်ကာ လက်ရှိကပ်လှူထားသော ရွှေဆေးသင်္ဃန်း၏ တန်ဖိုးနဲ့ ညီမျှသော ဆေးဖြူသင်္ဃန်းကို တပေါင်းလပြည့်အမီ အပြီးကပ်လှူပူဇော်သွားမည်ဖြစ်ကြောင်း ဂေါပကဥက္ကဋ္ဌ ဦးတင်မျိုးလွင်က ပြောကြားခဲ့သည်။

နိုဝင်ဘာလ ၂၀ ရက်နေ့က စေတီတော်ကြီး၏ အောက်ခြေတွင် အဖြူရောင်ဆေး တံဆိပ်မျိုးစုံကို စမ်းသပ်သုတ်ထားမှုတွေ ပြုလုပ်ခဲ့ပြီး သီတဂူဆရာတော်ကြီးကိုယ်တိုင် ကြည့်ရှုစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။


စေတီတော်ကြီးမှ ရွှေဆေးများ ခွာချခြင်းလုပ်ငန်းများကို အဆင့်အလိုက်စနစ်တကျ ပြုလုပ်သွားမည်ဖြစ်သည်။ အဖြူရောင်ဆေးအတွင် အီတလီနိုင်ငံထုတ် ဆေးကို အမေရိကန်ဒေါ်လာ ၇၀,၀၀၀ ကျော် အသုံးပြုသွာမည်ဖြစ်ပြီး ဆေးသုတ်လုပ်အားခအဖြစ် ငွေကျပ်သိန်း ၁,၃၀၀ ဝန်းကျင် ကုန်ကျမည်ဖြစ်ကြောင်း သိရှိရသည်။

Ref: Eleven



Follow us on