1. Home
  2. Myanmar News

ဂျပန်နိုင်ငံတွင် တရားမဝင်ငွေလွှဲလုပ်ကိုင်သူ မြန်မာ ၅ ဦး ဖမ်းဆီးခံရ

Myanmar News ธ.ค. 05, 2561 view 1,790

ဂျပန်နိုင်ငံတိုကျိုမြို့ အိုးစုခရပ်ကွက်တွင် မြန်မာကုန်စုံဆိုင်ဖွင့်ထားပြီး ဂျပန်ကားနဲ့ ဆိုင်ကယ်အဟောင်း မြန်မာနိုင်ငံကို တင်သွင်းနေသူ လုပ်ငန်းရှင် အမျိုးသမီးတစ်ဦးအပါအဝင် မြန်မာ ၅ ဦးကို ဂျပန် မြန်မာ နှစ်နိုင်ငံအကြား တရားမဝင်ငွေလွှဲလုပ်ကိုင်မှုနဲ့ ဖမ်းဆီးလိုက်ကြောင်း ဂျပန်သတင်းဌါန ANN က မနေ့က ကြေညာခဲ့ပါတယ်။

အဆိုပါ ငွေလွှဲအလုပ်ကို လုပ်ကိုင်နေကြတဲ့ လုပ်ငန်းရှင်တွေဟာ ၂၀၀၉ ခုနှစ်ကနေ ယခုအချိန်ထိ တရားမဝင်ငွေလွှဲလုပ်ကိုင်ရာကနေ ရရှိလာတဲ့ အမြတ်ငွေဟာ ဂျပန်းယန်း သန်း ၁၃၀ ကျော် ရရှိခဲ့ကြောင်း ဂျပန်ရဲများက စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက ဂျပန်နိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာ ၄ ဦးက မြန်မာနိုင်ငံကို ဂျပန်ယန်းငွေ (၂၃)သောင်း လွှဲခဲ့တဲ့ကိစ္စအပေါ် ဂျပန်ရဲတွေ ခြေရာခံ စောင့်ကြည့်ခဲ့ရာက အခုလို ဖမ်းဆီးခံလိုက်ရတာဖြစ်ကြောင်း မြန်မာအမျိုးသမီးတစ်ဦးက VOA ကို ရှင်းပြခဲ့ပါတယ်။

"ကလျာမိုးဆိုတာက ဒီမှာ work permit နဲ့နေတာ သူ့အမျိုးသားကတော့ ကိုခင်မောင်ကြီး သူတို့က Sugamo မှာနေပါတယ်။ အဲဒီမှာနေပြီးတော့ မြန်မာကုန်စုံဆိုင်လေးလိုမျိုး ဆိုင်လေးသေးသေးလေး ဖွင့်ထားတယ်။ ပြီးတော့ ရန်ကုန်ကိုလည်း ဆိုင်ကယ်အဟောင်းတွေ ပို့ပါတယ်။ ပြီးတော့ မြန်မာပြည်မှာ ပိုက်ဆံပို့ချင်တယ်ဆိုရင် ဒီက ဂျပန်ယန်း ယူပြီးတော့ ရန်ကုန်မှာ မြန်မာငွေပေးပေးတယ်။ ပြီးတော့ ရလာတဲ့ ယန်း တွေကို ဒီမှာ ရန်ကုန်ကနေ ကားအော်ဒါတွေရှိရင် ရန်ကုန်က ကားမှာတဲ့ ငွေပမာဏကို ဒီကနေ ယန်း နဲ့ သွင်းပြီး မြန်မာပြည်မှာ မြန်မာကျပ်ကို လက်ခံတယ်ပေါ့နော် အဲဒါက ဂျပန်နိုင်ငံအနေနဲ့ဆိုရင်တော့ တရားမဝင်ဘူးပေါ့နော် အဲဒီ တရားမဝင်တဲ့အတွက်ကြောင့် သူတို့အဖွဲ့ကို ရဲတွေ စောင့်ကြည့်နေပြီးတော့ ဖမ်းတယ်ဆိုတဲ့ သဘောမျိုးပေါ့နော်"

ဂျပန်နိုင်ငံတွင် ၂၀၀၅ − ၂၀၀၆ ခုနှစ် ပတ်ဝန်းကျင်တုန်းကလည်း တိုကျိုမြို့ တာကာဒါနိုဘာဘာ ဘူတာနားတွင် တရားမဝင်ငွေလွှဲလုပ်ကိုင်ခဲ့သော မြန်မာလုပ်ငန်းရှင်တစ်ဦး ဖမ်းဆီးထိန်းသိမ်ခံခဲ့ရဖူးပြီး လအနည်ငယ်အကြာတွင် အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ကြောင်း VOA သတင်းတွင် ဖော်ပြပါရှိသည်။


REF:VOA



Follow us on