လင်္ကာဒီပ ချစ်သူဆိုတာ အချစ်ကြီးပြီး အမြတ်ကြီးလှတဲ့ဆရာချစ်ဦးညိုရဲ့ နာမည်ကြီး စာအုပ်တစ်အုပ်ဆိုတာ လူတိုင်းအသိပါပဲ။ ပုံမှန်ဆို ရာမ၊ လက္ခဏပြဇာတ်မှာ မယ်သီတာနဲ့ ရာမမင်းသားတို့ကြားထဲမှာ ထားရှိတဲ့ချစ်ခြင်းမေတ္တာကို ဖော်ကျူးလေ့ရှိကြပေမယ့် ဆရာချစ်ဦးညိုကတော့ မယ်သီတာကို တိတ်တခိုး တစ်ဖက်သတ်ချစ်ပြီး စွဲလမ်းနေတဲ့ ဒဿဂီရိ နေရာကနေ ခံစားပြီးရေးသားခဲ့တာပါ။
ဆရာချစ်ဦးညိုဟာ နာမည်ကြီးပြဇာတ်ဆန်ဆန် သမိုင်းရာဇဝင်အကြောင်းအရာများကို ရေးသားဖော်ကျူးလေ့ရှိပြီး ထိုခေတ်အခါက ဇာတ်ကောင်တစ်ယောက်ချင်းစီရဲ့ စိတ်ခံစားချက်များ၊ အမူအရာအပြောအဆိုတို့ကို မျက်စိထဲ ကွက်ကွက်ကွင်းကွင်းပေါ်အောင် အရေးအသားပြောင်မြောင်လှသူပါ။ ဆရာချစ်ဦးညို ရေးသားခဲ့တဲ့ ပြဇာတ်တွေများထဲမှ ‘လင်္ကာဒီပချစ်သူ’ ဟာနာမည်အကြီးဆုံး ပြဇာတ်တစ်ခုဖြစ်တယ်လို့ပြောရမှာပါပဲ။
အဆိုပါပြဇာတ်ကို ဒါရိုက်တာမောင်သီကရိုက်ကူးပြီး ဒဿဂီရိအဖြစ် လူမင်း၊ မယ်သီတာအဖြစ် ဝတ်မှုန်ရွှေရည်၊ ရာမမင်းသားအဖြစ် ခါရာ၊ လက္ခအဖြစ် တိုင်ရွန် ၊ ဘိဘိသန အဖြစ် ဟန်ဇာမိုးဝင်း တို့က ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။
ခါရာနဲ့ တိုင်ရွန်တို့ဟာပြဇာတ်အတွေ့အကြုံက ပထမဦးဆုံးဖြစ်တာကြောင့် စိတ်လှုပ်ရှားနေကြတယ်လို့ ဆိုပါတယ်။ ဒီပြဇာတ်ကို အခုလာမယ့် ဒီဇင်ဘာလ ၁၄ နဲ့ ၁၅ ရက်နေ့မှာ မန္တလေးမြို့ရှိ အမျိုးသားကဇာတ်ရုံမှာ ပြဇာတ်သဘောအနေနဲ့ ကပြဖျော်ဖြေသွားမယ် လို့သိရပါတယ်။
‘လင်္ကာဒီပချစ်သူ’ ပြဇာတ်အဖွဲ့သားများဟာပြီးခဲ့တဲ့ အပတ်ကတည်းက ပြဇာတ်ကို အကောင်းဆုံးကပြဖျော်ဖြေနိုင်ဖို့အတွက် training တွေဆင်းခဲ့ကြပါတယ်။
ပြဇာတ်ကို သွားရောက်ကြည့်ရှုလိုတဲ့ ပရိတ်သတ်များအတွက် Mandalay Entertainment မှာ လက်မှတ်များကိုမှာယူရရှိ နိုင်ပြီး လက်မှတ်ဈေးနှုန်းများကတော့ ၁၅၀၀၀၊ ၃၀၀၀၀ နှင့် ၅၀၀၀၀ တို့ဖြစ်ကြပါတယ်။
ဒီပြဇာတ်မှာ ရာမ နဲ့ လက္ခဏတို့ဟာ လက်တလော မိန်းကလေးများအကြား ရေပန်းစား လူသိများနေတဲ့ မနေ့ကဖြစ်သည်(၂) ထဲက တိုင်ရွန်နဲ့ ခါရာတို့က ပါဝင်သရုပ်ဆောင်ကြမှာ ဆိုတော့စိတ်ဝင်စားသူ အများအပြားရှိနေမှာကတော့ မလွဲဧကန်ပါပဲ။ တိုင်ရွန်ကို ခါရာတို့ကို အားပေးပြီး လင်္ကာဒီပချစ်သူ ကိုသွားရောက်ကြည့်ရှုအားပေးလိုက်ကြပါဦး မန္တလေးကပရိတ်သတ်ကြီးရေ။