1. Home
  2. Myanmar News

ကျောင်းရုံးခန်းထဲ ဝင်ရောက်ကာ ကျောင်းအုပ်ဆရာမကြီးအား ရိုက်နှက်မှုဖြစ်ပွား

Myanmar News ธ.ค. 19, 2561 view 1,906

ကန့်ဘလူခရိုင် မြေမွန်စိုက်ကွင်း အမှတ် (၃၈) အ.လ.က စိုက်ကွင်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်စိုးစိုး အား အဆိုပါကျောင်းမှ ကျောင်းဆရာမတစ်ဦးနှင့် သူမ၏ခင်ပွန်းဖြစ်သူတို့က ကျောင်းရုံးခန်းထဲသို့ ဝင်ရောက်ရိုက်နှက်မှုတစ်ခု ဒီဇင်ဘာလ ၁၄ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က ဒေါ်ခင်စိုးစိုး ကျောင်းရှိရုံးခန်းအတွင်း အလုပ်လုပ်နေစဉ် အဆိုပါကျောင်းမှာပင် တာဝန်ထမ်းဆောင်နေသော ကျောင်းဆရာမ ဒေါ်တင်မျိုးမြင့် နှင့် ခင်ပွန်းဖြစ်သူ ဦးသက်ဦး တို့ရောက်ရှိလာပြီး ကျောင်းအုပ်ဆရာမကြီးအား “သတ္တိရှိရင်ထွက်ခဲ့ ရိုက်သတ်ပစ်မယ်” ဟု ခြိမ်းခြောက်စိန်ခေါ်ခဲ့သည်။

ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်စိုးစိုး က ကြောက်လန့်စွာဖြင့် ကန့်ဘလူပညာရေးဌါနသို့ ဖုန်းဆက်ပြီး အကြောင်းကြားခဲ့ရာ ပညာရေးဌါနမှ ရဲစခန်းသို့ တိုင်ကြားရန် အကြံပြုသဖြင့် ရဲစခန်းသွားရန် ကျောင်းမှ ဝန်ထမ်းအား ဆိုင်ကယ်သွားယူရန် စေခိုင်းခဲ့သည်။

ကျောင်းရုံးခန်းအတွင်း ဆရာမကြီးတစ်ဦးတည်း ကျန်ခဲ့ချိန်တွင် ဆရာမ လင်မယားနှစ်ဦးလုံး ရုံးခန်းထဲဝင်လာပြီး လုံးပတ် ၂ လက်မခန့်ရှိသော ဝါရင်းတုတ်ရှည်ဖြင့် ဆရာမကြီးအား ဝိုင်းဝန်းရိုက်နှက်ခဲ့သည်။ ဆရာမကြီးလည်း အရိုက်ခံရကာ ထွက်ပြေးခဲ့ပြီး ကျောင်းစာသင်ဆောင် နှစ်ဆောင်အကြားတွင် လဲကျသွားခဲ့သည်။ ထိုအချိန်တွင် အခြားဆရာ၊ ဆရာမများနဲ့ ကျောင်းသားများ ထွက်လာသဖြင့် ဆရာမလင်မယားနှစ်ယောက်လုံး ထွက်ပြေးသွားခဲ့ကြောင်း သိရှိရသည်။


ရိုက်နှက်ခံရမှုကြောင့် ကျောင်းအုပ်ကြီး ဒေါ်ခင်စိုးစိုး ၏ ဦးခေါင်းနှင့် ခန္ဓာကိုယ်အနှံ့တွင် ဒဏ်ရာများရရှိခဲ့ပြီး ဇီးကုန်းဆေးရုံသို့ အတွင်းလူနာအဖြစ် တင်ပို့ကုသခဲ့ရကြောင်း သိရှိရသည်။


ရိုက်နှက်ခံရသည့် အကြောင်းအရင်းဖြစ်စဉ်ကို ဖော်ပြထားခြင်းမရှိသော်လည်း ယခုလို ရိုက်နှက်ခံခဲ့ရမှုအတွက် ဆရာမဒေါ်တင်မျိုးမြင့် နှင့် ခင်ပွန်းဖြစ်သူ ဦးသက်ဦး တို့အား ဥပဒေအရ ထိရောက်စွာ အရေးယူပေးပါရန် ကန့်ဘလူခရိုင်သတင်းတွင် ဖော်ပြပါရှိသည်။




Follow us on