ကလပ်အသင်းတွေရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကို ယူအေအီးနိုင်ငံမှာ ကျင်းပပြီးစီး သွားခဲ့ရာ ဥရောပ ချန်ပီယံ ရီးရဲလ်မက်ထရစ် ဗိုလ်စွဲနိုင်ခဲ့ပါတယ်။ ရီးရဲလ်အသင်းဟာ ဒီပြိုင်ပွဲကို ဆီမီး ဖိုင်နယ်အဆင့်ကနေ ယှဉ်ပြိုင်ခွင့်ရတာဖြစ်ပြီး အာရှ ချန်ပီယံ ဂျေလိဂ် ကလပ် ကာရှီမာ အန်တလားစ်ကို ၃-၁ဂိုးနဲ့ နိုင်ရရှိခဲ့ပြီး အဲ့ဒီပွဲမှာ ဂါရတ်ဘေးလ် တစ်ဦးတည်း ၃ဂိုး ဟက်ထရစ် သွင်းခဲ့ပါတယ်။ တစ်ဖက် ဆီမီးဖိုင်နယ်မှာတော့ အိမ်ရှင် ယူအေအီး ပရိုလိဂ် ချန်ပီယံ အယ်လ်အိန်းက လစ်ဘာတာဒိုးစ် ချန်ပီယံ ရေးဗားပလိတ်ကို မထင်မှတ်ဘဲ ပင်နယ်တီ အဆုံးအဖြတ်မှာ နိုင်ပြီး ဖိုင်နယ်တက်ခဲ့ပါတယ်။
ဖိုင်နယ်ကို စနေနေ့က အဘူဒါဘီမှာ ကျင်းပခဲ့ရာ ရီးရဲလ်မက်ထရစ်က လွယ်လွယ်ကူကူပဲ ၄-၁ဂိုးနဲ့ နိုင်ပါတယ်။ ဆန်တီယာဂို ဆိုလာရီရဲ့ ရီးရဲလ်အသင်းဟာ အဓိက ကစားသမားတွေ လူစုံပါဝင်ခဲ့ပြီး မိုဒရစ်၊ လော်ရန်တေး၊ ရာမို့စ်တို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲရဲ့ အကောင်းဆုံး ဘောလုံးသမားဆုကိုတော့ ပြိုင်ပွဲတလျှောက် ၃ဂိုးနဲ့ ပူးတွဲ ဂိုးအများဆုံး သွင်းခဲ့တဲ့ ဂါရတ်ဘေးလ်က ရရှိခဲ့ပါတယ်။
ရီးရဲလ်မက်ထရစ်ဟာ ကမ္ဘာ့ကလပ်ပြိုင်ပွဲမှာ နောက်ဆုံး ၃နှစ်ဆက် ချန်ပီယံ ဖြစ်ခဲ့သလို ဒီပြိုင်ပွဲမှာ ၄ကြိမ်နဲ့ အအောင်မြင်ဆုံး ကလပ်အဖြစ် မှတ်တမ်း တင်နိုင်ခဲ့ပါတယ်။ စပိန် ကလပ်တွေအတွက်တော့ နောက်ဆုံး ၁၀နှစ်အတွင်းမှာ ရီးယဲယ်နဲ့ ဘာစီလိုနာတို့က ၇ကြိမ်အထိ ချန်ပီယံ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။
တတိယ နေရာလုပွဲမှာတော့ ရေးဗားပလိတ်က ကာရှီမာ အန်တလားစ်ကို ၄ဂိုးပြတ်နဲ့ နိုင်ခဲ့ပါတယ်။
နောက်ဆုံး ၁၀နှစ်အတွင်း ချန်ပီယံများ
၂၀ဝ၉ - ဘာစီလိုနာ ၂-၁ အက်စ်တူဒီအန်းတက်စ်
၂၀၁၀ - အင်တာမီလန် ၃-ဝ TP မာဇမ်ဘီ
၂၀၁၁ - ဘာစီလိုနာ ၄-ဝ ဆန်းတို့စ်
၂၀၁၂ - ကိုရီသီယန် ၁-ဝ ချယ်လ်ဆီး
၂၀၁၃ - ဘိုင်ယန်မြူးနစ် ၂-ဝ ရာဂျာ ကာဆာဘလန်ကာ
၂၀၁၄ - ရီးယဲယ်မက်ဒရစ် ၂-ဝ လိုရန်ဇို
၂၀၁၅ - ဘာစီလိုနာ ၃-ဝ ရေးဗားပလိတ်
၂၀၁၆ - ရီးရဲလ်မက်ထရစ် ၄-၂ ကာရှီမာအန်တလားစ်
၂၀၁၇ - ရီးရဲလ်မက်ထရစ် ၁-ဝ ဂရီမီယို
၂၀၁၈ - ရီးရဲလ်မက်ထရစ် ၄-၁ အယ်လ်အိန်း