ဟောလိဝုဒ် ပေါ့ပ်စတားတွေထဲက တစ်ယောက်ဖြစ်တဲ့ အဆိုတော် Miley Cyrus ဟာ ချစ်သူ Liam Hemsworth နဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၃ ရက်နေ့ မှာလက်ထပ်ထိမ်းမြားခဲ့ပါတယ်။
Miley တစ်ယောက် လက်ထပ်တော့လေမလားဆိုပြီး ပရိတ်သတ်တွေရောသတင်းမီဒီယာ တွေကပါသူမကို ဒီနှစ်အတွင်းစောင့်ကြည့် နေခဲ့ကြတာပါ။ ဒါပေမဲ့ သူမကတော့လက်ထပ်မယ်ဆိုတဲ့ အရိပ်အယောင်တောင်မပြခဲ့ပါဘူး။
လက်ထပ်ပွဲကိုလဲ ဟိတ်ဟန်တွေ၊ ပကာသနတွေမပါပဲ ချစ်ရတဲ့သူနဲ့ နှစ်ဦးနှစ်ဖက် ရင်းနှီးတဲ့ မိတ်ဆွေအသိုင်းအဝိုင်းတွေနဲ့ပဲ အကျဉ်းရုံးပြုလုပ်ခဲ့တာဖြစ်ပါတယ်။ မင်္ဂလာသတို့သမီးဝတ်စုံကိုလဲ ပေါ့ပေါ့ပါးပါးလေးပဲ ဝတ်စားခဲ့ပြီး လူငယ်ဆန်ဆန် ကျင်းပပြုလုပ်ခဲ့ကြပါတယ်။
Miley နဲ့ Liam တို့ရဲ့ အကျဉ်းရုံး လက်ထပ်ပွဲလေးကို Liam ရဲ့ အစ်ကိုနှစ်ယောက်ဖြစ်တဲ့ Chris Hemsworth(Thor) နဲ့ Luke Hemsworth တို့လဲတက်ရောက်ခဲ့ကြပါတယ်။ အစ်ကိုနှစ်ယောက်က ဆိုရှယ်မီဒီယာအကောင့်တွေမှာ ကိုယ်စီတင်ခဲ့ကြတဲ့အတွက် ပရိတ်သတ်တွေက Liam နဲ့ Miley တို့အမှန်တကယ်လက်ထပ်သွားပြီဆိုတာ သိခဲ့ရတာပါ။
Miley ကလဲလက်ထပ်ပြီးစီးတာကို ပရိတ်သတ်ကိုအသိပေးတဲ့အနေနဲ့ သူမရဲ့ ဆိုရှယ်မီဒီယာအကောင့်မှာတင်ခဲ့ပါတယ်။ Miley နဲ့ Liam တို့တစ်ယောက်ကို တစ်ယောက် ချစ်မြတ်နိုးစွာပွေ့ဖက် နေကြတဲ့ ဓာတ်ပုံတစ်ပုံကို သူမရဲ့ twitter acc မှာတင်ခဲ့ပါတယ်။ ဟောလိဝုဒ် အနုပညာရှင်တွေနဲ့ ပရိတ်သတ်တွေက သူမတို့ ရဲ့ လက်ထပ်မင်္ဂလာပွဲကိုကောင်းချီးသြဘာပေးကြပြီး ဂုဏ်ယူဝမ်းမြောက်မိကြောင်း ရေးသားခဲ့ကြပါတယ်။