ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းဦးစီးဌါနမှ လက်ထောက်ဦးစီးမှု နှင့် မြေတိုင်း-၄ တို့အား ဒေသခံများ၏ တိုင်ကြားချက်အရ စုံစမ်းစစ်ဆေးခဲ့ရာ ငွေကြေးများရယူခဲ့မှုပေါ်ပေါက်ခဲ့သဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က အမှုဖွင့် အရေးယူထားကြောင်း သိရှိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ပက်တန်းကျေးရွာတွင် ဒေသခံ လယ်သမားများ နှစ်(၃၀)ကျော် လယ်လုပ်ငန်း လုပ်ကိုင်အသက်မွေးခဲ့ကြသည့် မပယ်ဖျက် ရသေးသော စားကျက်မြေ၊ မြေဧက(၁၄၀)ခန့် အတွင်း လယ်သမားအိမ်ထောင်စု (၃၁)စု ထံမှ မြေဂရန်ချပေးမည်၊ ပုံစံ(၇) ထုတ်ပေးမည် ဟုဆိုကာ ငွေတောင်းခံသွားသော မြို့နယ် မြေစာရင်းဝန်ထမ်းနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့အား အရေးယူပေးပါရန် ကော်မရှင်သို့ တိုင်ကြားခဲ့ခြင်းဖြစ်သည်။
တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးအောင်စိုးလင်းနှင့် မြေတိုင်း-၄ ဦးဇော်အေးလတ် တို့သည် ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက မြေစာရင်းပုံစံ (၁၀၅) နှင့် လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ(၇)ရရှိအောင် ဆောင်ရွက်ပေးမည် ဟုဆိုကာ စားကျက်မြေ အတွင်း၌ နေထိုင်သည့် တောင်သူများထံမှ (၁)ဧကလျှင် ငွေကျပ် ၅ဝဝဝဝိ-နှုန်းဖြင့် တစ်ဝက်ကြေးဖြစ်သည့် ငွေကျပ် ၂၅ဝဝဝိ-နှုန်းကို ကောက်ခံပေးရန် ရပ်မိရပ်ဖအကူအညီ တောင်းခံ၍ကောက်ခံရရှိသည့် ငွေကျပ် ၁၅၅ဝဝဝဝိ- (ကျပ်တစ်ဆယ့်ငါးသိန်းငါးသောင်းတိတိ) မှ လက်ထောက်ဦးစီးမှူး ဦးအောင်စိုးလင်းသည် ငွေကျပ်(၈)သိန်းနှင့် မြေတိုင်း-၄ ဦးဇော်အေးလတ်သည် ငွေကျပ်(၃)သိန်းတို့အား မှော်ဘီမြို့ ဆိုင်ကယ်ဂိတ် အနီး Star စားသောက်ဆိုင်၌ လက်ခံရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။
ယင်းကဲ့သို့ ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှု ကျူးလွန်ကြောင်း စစ်ဆေးပေါ်ပေါက် သဖြင့် ၎င်းတို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ မှော်ဘီမြို့မရဲစခန်းတွင် ၂၈-၁-၂၀၁၉ ရက်နေ့၌ ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ်၍ တရားစွဲဆိုအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။