1. Home
  2. Movie Stars - Celebrity

တရုတ်နန်းတွင်းကား များကိုထုတ်လွှင့်ပြသခွင့်ပိတ်ပင်လိုက်တဲ့ တရုတ်အစိုးရ

Movie Stars - Celebrity ก.พ. 04, 2562 view 6,462

တရုတ်နန်းတွင်းကားများဟာဆိုရင် မြန်မာနိုင်ငံမှာလူကြိုက်များကျော်ကြားလာခဲ့တာ ကျွန်တော်တို့ ကလေးဘဝအချိန်အခါကတည်းကမဟုတ်ပါလား။ တစ်ချိန်က ကျောက်စိမ်းနန်းတော်တို့ ရွှေမင်းသမီးလေး အစရှိတဲ့ နန်းတွင်းဇာတ်လမ်းတွဲတွေဆိုရင် မကြည့်ဖူးသူမရှိသလောက်ပါပဲ။

လတ်တလော မျက်မှောက်ကာလမှာလဲ နန်းတွင်းကားတွေက လျှမ်းလျှမ်းတောက် အောင်မြင်နေပေမဲ့ တရုတ်အစိုးရက ထုတ်လွှင့်ဖို့ပိတ်ပင်တားမြစ်ခဲ့ပါတယ်။ လက်ရှိ တရုတ်ပြည်မှာ ထုတ်လွှင့်နေတဲ့ Ruyi Royal’s Love in Palace နဲ့ Yanxi Palace ဇာတ်လမ်းတွဲတို့ကို တီဗွီလိုင်းပေါင်းစုံကနေ ထုတ်လွှင့်ဖို့ဖြုတ်ချခံလိုက်ရပါပြီ။

တရုတ်အစိုးရပိုင် မီဒီယာတစ်ခုက နန်းတွင်းကားတွေရဲ့ပြစ်ချက် (၅) ချက်ကိုထုတ်ပြန်ကြေငြာခဲ့ပါတယ်။ အဲ့ဒါတွေကတော့……

(၁) ဘုရင်များ၏ခမ်းနားကြီးကျယ်သောနေ့စဉ်ဘဝကို ကျော်ကြားလူကြိုက်များအောင်လုပ်ခြင်း

(၂) အဖွဲ့အစည်းအတွင်း ပြိုင်ဆိုင်မှုပြင်းထန်ခြင်းနဲ့ လှည့်ကွက်များဖန်တီးသည့် ဇာတ်ကွက်များကို အတုယူသည့်အခါ လူမှုရေးတန်ဖိုးများကျဆင်းစေခြင်း

(၃) အတိတ်က အုပ်ချုပ်သူများကို ကောင်းမွန်အောင်ပုံဖော်ခြင်းဖြင့် လက်ရှိအစိုးရ၏ ဥာဏ်ပညာနှင့်တန်ဖိုးကိုလျော့ကျစေခြင်း၊

(၄) စည်းစိမ်ခံပြီး ယိုယွင်းနေသေနေ့စဉ်ဘဝကို ပုံဖော်ခြင်းဖြင့် ကြိုးစားပြီး ချွေတာတတ်ခြင်း၏ ကောင်းကျိုးများဆန့်ကျင်နေခြင်း

(၅) စီးပွားရေးဆိုင်ရာ အကျိုးအမြတ်ကို အဓိကထားပြီးကောင်းမွန်သော သတင်းစကားဖြန့်ဝေခြင်း

အစရှိသည်တို့ဖြစ်ပါတယ်။

နန်းတွင်း ရုပ်သံဇာတ်လမ်းတွဲများနဲ့ နိုင်ငံရေး မည်သို့မည်ပုံဆက်စပ်သလဲ မပြောတတ်ပေမယ့် တရုတ်အစိုးရကတော့ ပိတ်ပင်တားမြစ်လိုက်ပါပြီ။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး နန်းတွင်းကားကြိုက်နှစ်သက်တဲ့ ပရိတ်သတ်တွေကတော့ သိပ်မကျေနပ်ကြပါဘူး။ လက်ရှိရိုက်နေဆဲ နန်းတွင်းကားတွေလဲရှိနေသလို၊ ရိုက်ပြီး မထုတ်လွှင့်ရသေးတဲ့ နန်းတွင်းကားတွေလဲရှိနေပါတယ်။

ပရိတ်သတ်ကြီးရေ တရုတ်အစိုးရက နန်းတွင်းကားတွေကို ပိတ်ပင်တားဆီးလိုက်တဲ့ အပေါ်ဘယ်လိုမြင်ပါသလဲ ? နန်းတွင်းကားကြိုက်နှစ်သက်တဲ့သူတွေအတွက်တော့ သတင်းဆိုးပေါ့နော်။

Source- Cpop Cdrama Fans Myanmar



Follow us on