နာမည်ကြီးတရုတ်အက်ရှင်ဇာတ်ကားတွေရဲ့ မင်းသား ဂျက်လီဟာဆိုရင် ဒီနှစ် ၂၀၁၉ မှာ အသက် (၅၅) နှစ်ရှိနေပြီပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ဂျက်လီကို ‘Once Upon a time in China’ (ဝမ်ဖေးဟုန်) လို့လူသိများခဲ့ပါတယ်။
ဂျက်လီဟာ ရှောင်လင်ကျောင်းဆင်းတစ်ဦးဖြစ်ပြီး သိုင်းပညာကို တစ်ဖက်ကမ်းခတ် တတ်ကျွမ်းသူတစ်ဦးဖြစ်ပါတယ်။ ‘စတန့်မှာဆို ဂျက်ကီချန်း၊ ရှောင်လင်မှာဆို ဂျက်လီ’ ဆိုပြီး ပြောစမတ်တွင်ကြပါတယ်။
အသက်ကြီးလာပြီဖြစ်တဲ့ ဂျက်လီဟာ လည်ပင်းနဲ့ အူလမ်းကြောင်းဆိုင်ရာ ရောဂါဝေဒနာကို ခံစားနေရတာကြောင့် ဇာတ်ကားများမရိုက်ပဲအနားယူနေခဲ့တာ အချိန်အတော်ကြာပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ မေလပိုင်းတုန်းက ဂျက်လီတစ်ယောက် ရောဂါဝေဒနာခံစားပြီး သေဆုံးသွားတယ်လို့တောင် ကောလာဟာလ သတင်းများပေါ်ထွက်လာပါသေးတယ်။ သို့ပေမဲ့ ဒီသတင်းတွေကို ဂျက်လီက ချက်ချင်းပြန်လည်ဖြေရှင်းခဲ့ပြီး နေကောင်းကျန်းမာပျော်ရွှင်နေကြောင်း ပရိတ်သတ်ကို အသိပေးခဲ့ပါတယ်။
လက်တလောမှာလဲ တရုတ်နှစ်သစ်ကူးအချိန်အခါကျရောက်လာတဲ့အတွက် ဂျက်လီဟာ နိုင်ငံတကာက ပရိတ်သတ်တွေကို နှစ်သစ်ဆုမွန်ကောင်း ပို့သတဲ့ အနေနဲ့ ဗွီဒီယိုဖိုင်တစ်ခုတင်ခဲ့ပါတယ်။ ‘နှစ်သစ်မှာ အားလုံးပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ရှိကြပါစေ၊ လာဘ်လာဘတိုးပွားကြပါစေ’ လို့ ဂျက်လီက အင်္ဂလိပ်လိုရော တရုတ်လိုပါ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
နှစ်သစ်ဆုမွန်ကောင်း တောင်းပေးတဲ့ ဗီဒီယိုဖိုင်မှာ ဆိုရင် ဂျက်လီတစ်ယောက် အင်မတန်မှအိုစာသွားပြီး နေကောင်းကျန်းမာပုံမပေါ်ပါဘူး။ မကြာခင်မှာ ဂျက်ကီချန်းရဲ့ ရုပ်ရှင်ဇာတ်ကားအသစ်ဖြစ်တဲ့ ‘The knight of Shadows: between Ying and Yang’ ကလဲမြန်မာနိုင်ငံမှာရုံတင်ပြသတော့မှာဖြစ်ပါတယ်။ ဂျက်ကီချန်းတစ်ယောက် ကတော့ အသက် (၆၀) ကျော်ပြီဖြစ်ပေမဲ့ နေကောင်းကျန်းမာပြီး ဇာတ်ကားတွေရိုက်နိုင်တုန်းပါပဲ။ ဂျက်လီတစ်ယောက် အမြန်ဆုံးနေကောင်းကျန်းမာပြီး ဂျက်ကီချန်းလို ဇာတ်ကားတွေအများကြီး ရိုက်နိုင်ရင်ကောင်းမယ်လို့ ပရိတ်သတ်တစ်ဦး က ဆိုထားပါတယ်။
ပရိတ်သတ်ကြီးရေ ကျန်းမာရေးမကောင်းလို့ဆေးကုသမှုခံယူနေရတဲ့ ဂျက်လီအတွက် နှစ်သစ်မှာ နေကောင်းကျန်းမာပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ကြပါဦး။