အခုအချိန်ကာလဟာ ပွင့်လင်းရာသီဖြစ်တာနဲ့အညီ ဘုရားပွဲဈေးတွေ မြန်မာပြည်နေရာအနှံ့မှာ ကျင်းပနေကြပါတယ်။ ဘုရားပွဲဈေးရှိရင် ရောင်စုံမီးချောင်းတွေ တပ်ဆင်ထားတဲ့ ချားရဟတ်တွေလည်း ရှိနေတတ်ပါတယ်။
ရဟတ်စီးရတာ အသည်းတထိတ်ထိတ်နဲ့ ပျော်စရာကောင်းပေမယ့် မြန်မာပြည်က ရဟတ်တွေက လုံခြုံရေးအလွန်နည်းတာကို တွေ့ရပါတယ်။ ဒါကြောင့် ရဟတ်စီးရတဲ့အလုပ်ဟာ အပျော်အပါးနဲ့ အသက်ဘေးကို ၁၀ မိနစ်လောက် လောင်းကြေးထပ်ကြရတဲ့ အပမ်းဖြေစရာတစ်ခုလည်း ဖြစ်ပါတယ်။
ဟိုးယခင်က မြန်မာနိုင်ငံမှာလည်း ရဟတ်တွဲတွေ ပြုတ်ကျပြီး လူတွေသေဖူးတဲ့ အဖြစ်ပျက်တွေ အမှန်တကယ်ရှိခဲ့ဖူးပါတယ်။ လတ်တလောမှာတော့ လွန်ခဲ့တဲ့ ၃ လလောက်က အင်ဒိုနီးရှားနိုင်ငံ ညဈေးတန်းတစ်ခုမှာ ချားရဟတ် မတော်တဆမှုဖြစ်ခဲ့တဲ့ ရုပ်သံ အွန်လိုင်းပေါ် တစ်ဖန်ပျံ့နှံ့ခဲ့ပါတယ်။
ရုပ်သံမှာတော့ မိသားစုတစ်စု စီးနေတဲ့ရဟတ်တွဲ တစ်တွဲဟာ အခြားတွဲတစ်တွဲနဲ့ ချိပ်မိပုံရပြီး ပြန်ဆင်းလာတဲ့အခါ စောက်ထိုးအနေအထားနဲ့ တွဲထဲကလူတွေကို သွန်ချလိုက်သလို ဖြစ်ပျက်ခဲ့ပါတယ်။
ကံကောင်းထောက်မစွာနဲ့ ရဟတ်လွှဲသူတွေက အောက်ကကြည့်နေသူတွေရဲ့ အော်သံကြောင့် သတိထားမီပြီး ရဟတ်ကို အရှိန်သတ်နိုင်ခဲ့ပါတယ်။ ရုပ်သံမှာ စောက်ထိုးမှောက်နေတဲ့ ရဟတ်တွဲက မိသားစုကို အောက်ကို ပြန်ချပေးနေတာတွေ့ခဲ့ရပါတယ်။
ဒါကြောင့်မို့ ဘုရားပွဲဈေးမှာ ရဟတ်စီးတော့မယ်ဆိုရင် အလျင်မလိုပါနဲ့ ကိုယ်စီးမယ့်ရဟတ်ရဲ့ ကြံခိုင်မှုကို တတ်နိုင်သလောက် လေ့လာပြီးမှ စီးနင်းပါ။ အားလုံးဘေးကင်းစွာနဲ့ ပျော်ရွှင်နိုင်ကြပါစေ..။