ပဲခူးခရိုင် ရွှေကျင်မြို့နယ်ရှိ အင်္ဂနီကျေးရွာတွင် လင်မယားချင်း စကားများရန်ဖြစ်ရာမှ အပြန်အလှန်ဓားဖြင့်ထိုးခဲ့ကြသဖြင့် နှစ်ဦးစလုံးသေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၇ ရက်နေ့ည ၁၁ နာရီ အချိန်ခန့်က အင်္ဂနီကျေးရွာနေ ဒေါ်ချို(၅၁)နှစ်နှင့် ဦးဝင်းခိုင်(၄၄)နှစ်တို့ လင်မယားနှစ်ဦးသည် လက်ကိုင်ဖုန်းနှင့် ပတ်သက်သော အကြောင်းအရာအချို့ကို ပြောဆိုငြင်းခုန်ကြရာမှ စကားများ ရန်ဖြစ်ခဲ့ကြပြီး အချင်းခြင်း အပြန်အလှန် ဓားနဲ့ထိုးရာမှ နှစ်ဦးစလုံး သေဆုံးခဲ့ကြောင်း ၎င်းတို့နှင့်အတူနေမိခင်ဖြစ်သူ၏ ပြောပြချက်အရ သိရှိရကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။
ဖေဖော်ဝါရီ ၁၈ ရက် နံနက် ၁၂ နာရီခွဲအချိန်ခန့်တွင် အင်္ဂနီကျေးရွာအုပ်ချုပ်ရေးမှူး၏ သတင်းပေးချက်အရ မင်းလမ်းသံဆိပ်ရဲကင်းစခန်းမှူးနှင့် တာဝန်ရှိသူများက အင်္ဂနီကျေးရွာသို့သွားရောက်စစ်ဆေးခဲ့ရာ နေအိမ်အောက်ထပ်၌ လင်မယားနှစ်ယောက်စလုံးကို လဲလျက်တွေ့ရပြီး ဒေါ်ချို(၅၁ နှစ်)၏ ဝဲဘက်ရင်ညွန့် ၌ ထိုးသွင်းဒဏ်ရာ( ၁)ချက်၊ ယာဘက်ဂျိုင်းအောက်ပြတ်ရှဒဏ်ရာ(၂)ချက်နှင့် ယာဘက်လက်ဖဝါး ပြတ်ရှဒဏ်ရာ(၁)ချက်တို့ဖြင့် သေဆုံးနေကြောင်းတွေ့ရပြီး ခင်ပွန်းဖြစ်သူ ဦးဝင်းခိုင်(၄၄ နှစ်)မှာ ဒေါ်ချို၏ဝဲဘက်ဘေးတွင် မှောက်လျက်အနေအထားဖြင့်လဲနေကာ ဝမ်းဗိုက်ပေါက်ထွက်ဒဏ်ရာရရှိထားသော်လည်း အသက်သေဆုံးခြင်းမရှိသေးကြောင်း တွေ့ရှိရသဖြင့် အရေးပေါ် ဆေးရုံသို့ တင်ပို့ခဲ့သော်လည်း နံနက် ၃ နာရီအချိန်တွင် သေဆုံးသွားခဲ့သည်။
ဖြစ်စဉ်တွင် ဓားဖြင့် စတင်ထိုးခဲ့သူ ဦးဝင်းခိုင် အား ရွှေကျင်မြို့မရဲစခန်းမှ (ပ)၃၇/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုရေးဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
သတင်းရင်းမြစ် - The Fifth Wave News