Zombie ရုပ်သံဇာတ်လမ်းတွဲ Kingdom ရဲ့ခေါင်းဆောင်မင်းသား ဂျူဂျီဟွန်းဟာ လတ်တလော နာမည်တက်လာတဲ့မင်းသားတစ်လက်ဆိုတာ ပရိတ်သတ်သိမှာပါ။ Kingdom ဇာတ်လမ်းတွဲဟာ သာမန်ကိုးရီးယားဇာတ်လမ်းတွဲတွေန့မတူ၊ ချစ်ခန်းကြိုက်ခန်းတွေသိပ်မပါပဲ ဖုတ်သရဲတွေနဲ့စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်ကားတစ်ကားဖြစ်တာကြောင့် ဒီနှစ်ပိုင်းမှာ တော်တော်လေးအောင်မြင်တဲ့ ဂျူဂျီဟွန်းရဲ့ ဇာတ်ကားတစ်ကားလို့ပြောလို့ရပါတယ်။
ဂျူဂျီဟွန်းဟာ Kingdom မှာမှမဟုတ်ပါဘူး၊ နာမည်ကြီးကိုးရီးယားရုပ်ရှင် Along with the god မှာလဲ သေမင်း အနေနဲ့ပါဝင်သရုပ်ဆောင်ထားပါတယ်။ သူပါဝင်သရုပ်ဆောင်ခဲ့တဲ့ ရုပ်ရှင်၊ ဇာတ်လမ်းတွဲတွေဟာဆိုရင် နာမည်မကြီးတဲ့ကားဆိုတာမရှိသလောက်ပါပဲ။ ဒီလိုအောင်မြင်လာတဲ့လူတစ်ယောက်မှာ တစ်ချိန်က အတိတ်ဆိုးတစ်ခုရှိခဲ့ဖူးတယ်လို့ ဘယ်သူကထင်မှာလဲ။
ဂျူဂျီဟွန်းဟာ မတ်လ ၂၀၀၈ ခုနှစ်မှာ မူးယစ်ဆေးဝါးသုံးစွဲမှု၊ ရောင်းဝယ်ဖောက်ကားမှုတို့နဲ့ ဖမ်းဆီးခံခဲ့ရပါတယ်။ နာမည်ကျော်စတားတစ်ယောက်က ဒီလိုမူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားတာ ပထမဦးဆုံးမြင်ဖူးတာဖြစ်တဲ့အတွက် ရဲအချို့က အံ့အားသင့်ခဲ့ကြပါတယ်။
ထိုအချိန်ကစတင်ကာ ဂျူဂျီဟွန်းဟာ အမှုရင်ဆိုင်ခဲ့ရတာဖြစ်ပြီး ၂၀၀၉ ခုနှစ် ဇွန်လပိုင်းမှာ တရားရုံးမှ အလုပ်ကြမ်းနဲ့ထောင်ဒဏ် (၆) လတိတိပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ ဒဏ်ကြေးငွေအဖြစ် ကိုးရီးယားဝမ် ၃ သိန်း ၆ သောင်း တိတိပေးဆောင်ခဲ့ရပါတယ်။
ဂျူဂျီဟွန်းဟာ ပြစ်ဒဏ်ခံယူပြီး (၂) နှစ်တိတိအနုပညာလောက ကနေ ပျောက်ကွယ်သွားခဲ့တာဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်မှာတော့ မင်းသားကြီး ဘေယောင်ဂျွန်း ပိုင်ဆိုင်တဲ့ အေဂျင်စီ Keyeast နဲ့ စာချုပ်ချုပ်ဆိုပြီး အနုပညာအလုပ်တွေပြန်လည်လုပ်ကိုင်သွားမည်ဖြစ်ကြောင်း အသိပေးခဲ့ပါတယ်။ မူးယစ်ဆေးသုံးစွဲမှုနဲ့ နာမည်ပျက်ရှိခဲ့တဲ့အတွက် သူ့အနေနဲ့ အနုပညာလောကကိုပြန်လာဖို့ အခက်အခဲတွေအများအပြားရှိခဲ့မှာပါ။ သူနဲ့တွဲဖက်ရိုက်ကူးလိုသူရှားပါးလှတဲ့အတွက် ၂၀၁၂ နဲ့ ၂၀၁၃ မှာ ရိုက်ခဲ့တဲ့ကားတွေကထင်သလောက်အောင်မြင်မှုမရရှိခဲ့ပါဘူး။
၂၀၁၄ မှာတော့ လီကွမ်ဆူ၊ ဂျီဆောင်တို့နဲ့အတူ Cofession movie ဇာတ်ကားမှာပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ဒီဇာတ်ကားအပြီးမှာ ပရိတ်သတ်က သူ့ကို အနည်းအကျဉ်း ပြန်လည်လက်ခံလာပါပြီ။
၂၀၁၅ ခုနှစ်မှာတော့ Mask ရုပ်သံဇာတ်လမ်းတွဲမှာ မင်းသမီး Soo Ae နဲ့အတူပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ဒီကားက သူထောင်ကျပြီး ပထမဦးဆုံးပြန်လည်ရိုက်ကူးတဲ့ ရုပ်သံဇာတ်လမ်းတွဲပါပဲ။
ဂျူဂျီဟွန်းဟာ ၂၀၀၆ ခုနှစ်မှာလဲ Princess Hour (ရွှေမင်းသားလေး ချစ်ပုံပြင်) ဇာတ်လမ်းတွဲနဲ့ လူကြိုက်များခဲ့တာ ပရိတ်သတ်ကြီးသိမှာပါ။
၂၀၁၇ နဲ့ ၂၀၁၈ မှာ Along with the god ၊ The Spy Gone North အစရှိတဲ့ရုပ်ရှင်ကားတွေနဲ့ ဂျူဂျီဟွန်းကို ပရိတ်သတ်က တခဲနက်အားပေးလာကြပါပြီ။ ၂၀၁၉ မှာ တော့ Netflix ကစီစဉ်ထုတ်လွှင့်တဲ့ Kingdom ဇာတ်လမ်းတွဲမှာဆိုရင် သူ့ရဲ့ အက်ရှင်ပိုင်း သရုပ်ဆောင်ချက်တွေကပြောစရာမလိုအောင် ပြီးပြည့်စုံလွန်းတယ်ဆိုတာ ကြည့်ဖူးသူတိုင်းသိကြမှာပါ။ လက်ရှိမှာဆိုရင် သူ့ရဲ့ အောင်မြင်မှု၊ ကျော်ကြားမှုတွေက တစ်ချိန်က ဆေးသမားဆိုတဲ့အတိတ်ဆိုးကြီးကို ဖုံးကွယ်နိုင်ခဲ့ပါပြီ။
မူးယစ်ဆေးကြောင့် လမ်းမှားရောက်ခဲ့ဖူးပေမယ့် အမှားကိုသင်ခန်းစာယူပြီး အရှုံးမပေးဘဲ ကိုယ်လုပ်စရာရှိတာကိုတစိုက်မတ်မတ် လုပ်ဆောင်လာခဲ့တဲ့ ဂျူဂျီဟွန်းကတော့ စံနမူနာထားသင့်တဲ့လူတစ်ယောက်ပါ။ ပရိတ်သတ်ကြီးရေ ဂျူဂျီဟွန်းကို လေးစားမိတယ်ဆိုရင် မှတ်ချက်လေးတွေရေးပေးခဲ့ကြပါဦး။
Double Paing(ပိုပိုလေး)