မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)သည် မြန်မာ့လက်ရွေးစင်အမျိုးသားအသင်းနည်းပြရာထူးအတွက် လျှောက် ထားသူ နိုင်ငံခြားသားနည်းပြများထဲမှ နောက်ဆုံးအဆင့်အနေ ဖြင့် ဆန်ခါတင် (၃)ဦး ရွေးချယ်ထားကြောင်း သိရပါတယ်။
MFF သည် ယင်းဆန်ခါတင် (၃)ဦးထဲမှ (၁)ဦးကို မကြာမီနည်းပြသစ်အဖြစ် ခန့်အပ်မည်ဖြစ်ပြီး တရားဝင်သတင်းထုတ်ပြန်သွားမည်ဖြစ်ကြောင်း MFF အမှုဆောင်အရာရှိချုပ် ဦးဘုန်းနိုင်ဇော်၏ ပြောကြားချက်အရ သိရပါတယ်။
“မြန်မာ့လက်ရွေးစင်နည်းပြချုပ်ရာထူးအတွက် လူတွေ့ မေးမြန်းမှုတွေလုပ်ခဲ့တာ အခုဆိုရင် နောက်ဆုံးဆန်ခါတင် (၃)ယောက်ပဲကျန်ပါတော့တယ်။ သူတို့ကို လာမယ့်ရက်ပိုင်းမှာ ဒုတိယအကြိမ် အင်တာဗျူး ထပ်ခေါ်ပါမယ်။ ပြီးရင် မြန်မာ အသင်းကစားခဲ့တဲ့ပွဲစဉ်တွေကို ဗီဒီယိုဖိုင်အဖြစ်နဲ့ လုပ်ပြီး ပေးပို့မယ်။ သူတို့ဘက်က သုံးသပ်ချက်တွေကို နားထောင် ကြည့်မယ်။ အဲဒါတွေကနေ ပြန်ကြည့်ပြီး ဆုံးဖြတ်သွားမှာပါ။ အဲဒီ (၃)ယောက်ထဲက (၁)ယောက်ကို နောက်ဆုံးအနေနဲ့ ရွေးချယ်ခန့်အပ်သွားမှာဖြစ်ပါတယ်''ဟု MFF အမှုဆောင်အရာရှိချုပ် ဦးဘုန်းနိုင်ဇော်က ပြောခဲ့တယ်လို့ သိရပါတယ်။
MFF သည် ၂၀၁၈ ဆူဇူကီးဖလားပြိုင်ပွဲအပြီးတွင် ဂျာမန်နည်းပြ အန်တွမ်နီဟေးနှင့် လမ်းခွဲခဲ့ပြီးနောက် လက်ရွေးစင်အသင်းအတွက် နည်းပြသစ်ခန့်အပ်ရန် ရှာဖွေနေခဲ့တာဖြစ်ပါတယ်။ လာမည့် မတ်တတိယပတ်နှင့် နောက်ဆုံးပတ်အတွင်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) အသိအမှတ်ပြု ခြေစမ်းပွဲ (၂)ပွဲကို မန္တလေးမြို့၌ ယှဉ်ပြိုင်ကစားမည်ဖြစ်သော်လည်း လက်ရှိအချိန်အထိ နည်းပြသစ်ကို မခန့်အပ်နိုင်သေးတာဖြစ်ပါတယ်။
မြန်မာ့လက်ရွေးစင်အသင်းသည် ယင်းခြေစမ်းပွဲ (၂)ပွဲအတွက် စခန်းဝင်လေ့ကျင့်မှုကို လာမည့်ရက်သတ္တပတ်အတွင်း ပြုလုပ်မည်ဖြစ်ကြောင်း သိရပါတယ်။