မြန်မာယူ ၂၃ လက်ရွေးစင်အသင်းနည်းပြ ပိုပေါ့က မနက်ဖြန်မှာကစားမည့် ဂျပန်အသင်းနဲ့ ပွဲစဉ်ဟာ ခက်ခဲမည်ဖြစ်သော်လည်း အကောင်းဆုံးယှဉ်ကစားသွားမယ် လို့ပြောပါတယ်။ ဂျပန်အသင်းက ပရီးမီးယားလိဂ် အဆင့်ဆိုရင် လက်ရှိမြန်မာအသင်းဟာ ချန်ပီယံရှစ်အဆင့်မှာသာ ရှိသေးတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။
အုပ်စုအဖွင့်ပွဲစဉ်တွင် ဂျပန်အသင်းနှင့်မြန်မာအသင်း နှစ်သင်းစလုံး နိုင်ပွဲကိုယ်စီရရှိခဲ့ပြီး မြန်မာအသင်းက ပွဲစဉ်-၂ တွင် သွင်းဂိုးအရေအတွက်ကျ ဆင်းခဲ့ ပြီး အုပ်စု ဒုတိယ နေရာမှာရပ်တည်နေတာဖြစ်ပါတယ်။
“ အုပ်စုပွဲနှစ်ပွဲကစားပြီးတဲ့အချိန်မှာ သွင်းဂိုး ၁၁ဂိုးရရှိထားခဲ့တယ်။ ပေးဂိုးမရှိခဲ့တာကလည်း အခြေအနေကောင်းတစ်ခုလို့ ပြောလို့ရပါတယ်။ တစ်ခုရှိတာက ဂျပန်အသင်းနဲ့မြန်မာအသင်းကို နှိုင်းယှဉ်ဖို့တော်တော်လေးကို ခက်ခဲပါတယ်။ အခြေအနေတစ်ခု အထိကွာခြားနေလို့ပါ။ ဂျပန်က အာရှထိပ်သီးဖြစ်တဲ့အပြင် ကစားသမားတိုင်းက အရည်အချင်းအပြည့်ရှိသူတွေ ချည်းပါပဲ။
ဥပမာပြောရရင် ဂျပန်ကပရီးမီးယားလိဂ်အဆင့်ဆိုရင်မြန်မာအသင်းရဲ့အခြေအနေကချန်ပီယံရှစ်အဆင့်လောက် ပဲ ရှိပါတယ်။ ဒါပေမယ် ဘယ်လိုအခြေအနေပဲဖြစ်ဖြစ်အကောင်းဆုံးကြိုးစားသွားမှာဖြစ်သလို ပရိသတ်တွေကို လည်း လာရောက်အားပေးဖို့ဖိတ်ခေါ်ချင်ပါတယ် ” လို့ နည်းပြ ပိုပေါ့ ကပြောပါတယ်။
ခြေစစ်ပွဲတိုက်ရိုက်အောင်မြင်ရေးအတွက် အရေးပါဆုံးပွဲစဉ်ဖြစ်လာမည်ဖြစ်ပြီး ဂျပန်ယူ-၂၃နှင့် မြန်မာယူ-၂၃အသင်းတို့၏ ပွဲစဉ် အား လာမည့် မတ် ၂၆ရက်နေ့တွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပါတယ်။ မြန်မာအသင်းအနေဖြင့် အနည်းဆုံးသရေတစ်မှတ်ရရှိခဲ့ ပါက အကောင်းဆုံးဒုတိယနေရာဖြင့် ခြေစစ်ပွဲအောင်မြင်ခွင့်ရရှိမည်ဖြစ်ပါတယ်။