1. Home
  2. Special or Others

ကချင်ပြည်နယ်စစ်ဘေးရှောင်စခန်းမှသည် ဂျပန်နိုင်ငံကပေးအပ်တဲ့ရွှေတံဆိပ်ဆုရှင်ဖြစ်လာသူ

Special or Others เม.ย. 23, 2562 view 1,508

ကချင်ပြည်နယ် စစ်ဘေးရှောင်စခန်းတွင်ကြီးပြင်းခဲ့သော မရမ်ဂျာလအမည်ရှိတဲ့ အသက်ရှစ်နှစ်အရွယ်လူငယ်လေးဟာ  ဧပြီလ ၂၁ ရက်နေ့ ဂျပန်နိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ International Karate Friendship 2019 Championship ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့သွားရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

မရမ်ဂျာလဟာ ဂျပန်နိုင်ငံမှာပြုလုပ်တဲ့ ကာရာတေးပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြု အနေနဲ့ အနိုင်ရရှိခဲ့ပြီးရွှေတိဆိပ်ဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။ အသက်ရှစ်နှစ်အရွယ် မောင်မရမ်ဂျာလဟာ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ဒူကထောင်ရပ်ကွက်ရှိ စစ်ရှောင်စခန်းမှာ မိဘနှစ်ပါးနဲ့အတူ နေထိုင်လျက်ရှိပါတယ်။

မရမ်ဂျာလဟာ ယခု ဂျပန်နိုင်ငံမှာကျင်းပပြုလုပ်တဲ့ ကာရာတေးပြိုင်ပွဲမှာမှ ဆုရရှိတာမဟုတ်ပဲ ယခင် စင်ကာပူနိုင်ငံမှာပြုလုပ်ခဲ့တဲ့ ကာရာတေးပြိုင်ပွဲမှ ရွှေတံဆိပ်ရရှိထားပြီးသူတစ်ဦးဖြစ်ပါတယ်။ မရမ်ဂျာလလို အရည်အချင်းရှိတဲ့ လူငယ်လေးတွေ နိုင်ငံတကာမှာသွားရောက်ယှဉ်ပြိုင်နိုင်ဖို့ ကချင်ပြည်နယ်ကာရာတေး ကော်မတီ ဥက္ကဋ္ဌ ဒေါ် Laphai Nangpri  မှ တာဝန်ယူ စီစဉ်ပေးခဲ့တာဖြစ်ပါတယ်။

Iko Myanmar ကာရာတေး ဆရာကြီးဦးမင်းဟန်နှင့်အတူ မြန်မာနိုင်ငံမှ လူငယ်ကစားသမား (၇) ဦး(အမျိုးသား (၅) ဦး ၊ အမျိုးသမီး (၂) ဦး) တို့ ယှဉ်ပြိုင်ဖို့ လိုက်ပါသွားခဲ့ပါတယ်။ ကာရာတေး ကစားသမား (၇) ဦးမှာမှ မောင်ဆိုင်းလတ်အောင်(အမျိုးသား အသက် (၅) နှစ်တန်းပြိုင်ပွဲ)၊ မဆန်းမိုင်နူး(အမျိုးသမီးအသက် (၇) နှစ်တန်းပြိုင်ပွဲ)၊ မောင်မရမ်ဂျာလ (အမျိုးသား အသက် (၈) နှစ်တန်းပြိုင်ပွဲ) တို့က ရွှေတံဆိပ်ဆုများအသီးသီး ဆွတ်ခူးရရှိခဲ့ပါတယ်။

ရွှေတံဆိပ် ဆွတ်ခူးရရှိသူ သုံးယောက်အနက် မောင်မရမ်ဂျာလဟာ လာမယ့် ၂၀၁၉ နိုဝင်ဘာ ၂၂ မှာ ကျင်းပပြုလုပ်တဲ့အပြည်ပြည်ဆိုင်ရာ ကာရာတေးပြိုင်ပွဲကြီးမှာ ဆက်လက်ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။ စစ်ဘေးရှောင်စခန်းမှာ ကြီးပြင်းလာရပေမယ့် နိုင်ငံအတွက် အကျိုးပြုနိုင်တဲ့ လူငယ်တစ်ယောက်ဖြစ်လာနိုင်ခဲ့ပါပြီ။ နိုုင်ငံအတွက်၊ လူမျိုးအတွက် နိုင်ငံတကာမှာ ဂုဏ်ဆောင်နိုင်ခဲ့တဲ့ မောင်မရမ်ဂျာလနှင့် ကာရာတေးအဖွဲ့ဝင်များကို လေးစားလျက်။

(ပိုပိုေလး)

Photo Credit- Hkun Li

 



Follow us on